မော်လမြိုင် ၊ ဩဂုတ် ၁၆

မွန်ပြည်နယ်မှာ နေထိုင်ပြီး ရန်ကုန်ကို ခရီးသွားကာ ပြန်လည်ရောက်ရှိလာသူတွေမှာ အခုရက်ပိုင်းအတွင်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါပို တွေ့ရှိလာတယ်လို့ ကျန်မားရေး အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ကနေ ကျိုက္ခမီမြို့ကို ပြန်လာတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးမှာ ဩဂုတ် ၁၃ ရက်နေ့က ရောဂါပိုး စတင်တွေ့ရှိခဲ့တာပါ။

ဒါ့အပြင် ရန်ကုန်တိုင်း ဒလမြို့နယ်ကနေ ရေးမြို့သို့ ပြန်လာတဲ့ အသက် ၃၄ နှစ် အရွယ် အမျိုသား တစ်ဦးမှာလည်း ဩဂုတ် ၁၄ ရက်နေ့က ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပါတယ်။

ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကျိုက္ခမီမြို့နေ အမျိုးသမီးနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ကိုးဦး၊ ရေးဒေသခံ အမျိုးသားနဲ့ ထိတွေ့ခဲ့တဲ့ အမျိုးသားနှစ်ဦးကိုလည်း သက်ဆိုင်ရာ ဆေးရုံတွေမှာ Quarantine ထားရှိထားပါတယ်။

ဆရာဝန် တစ်ဦးကတော့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ အချိန်မီမကုသနိုင်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်သလို ရောဂါပိုးဟာ အစားအသောက်နဲ့ ရေမသန့်လို့ ဖြစ်တာကြောင့် သတိထား စားသောက်ကြဖို့ တိုက်တွန်းပါတယ်။

“အစားအသောက်ကနေ ကူးတာပေါ့၊ ကာလဝမ်း ပုံစံမျိုး ဖြစ်တာပဲလေ။ ဆိုးတာကတော့ ဝမ်းသွားတာ ပုံမှန်ထက် များတာပေါ့။တောက်လျှောက် အရည်တွေ ရေခရားကနေ လွှတ်သလို ဝုန်းဝုန်း သွားရင်တော့ ရေဓာတ် ဆုံးရှုံးပြီးတော့ ကျောက်ကပ်တွေ ထိတာတို့ သွေးပေါင် လုံးဝ ကျပြီးတော့ အချိန်မီ မရောက်နိုင်ရင် သေနိုင်တာပေါ့”လို့ ဆိုပါတယ်။

ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါမဖြစ်အောင် အစားမစာခင်နဲ့ အိမ်သာဆင်းချိန် လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးကြောဖို့၊ ရေကို ကျိုချက်ပြီးမှ သောက်ဖို့၊ ဝမ်းရောဂါဖြစ်ရင် ဆေးရုံဆေးခန်း ပြဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

လက်ရှိ မွန်ပြည်နယ်အတွင်းက ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး တွေ့ရှိခဲ့တဲ့ လူနာတွေရဲ့ နေအိမ်နဲ့ ပတ်ဝန်းကျင် တွေကို ရောဂါပိုး ကူးစက် ပြန့်ပွားမှု မရှိစေဖို့အတွက် မြို့နယ် ကျန်းမာရေး အဖွဲ့တွေ၊ မြို့ခံ လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့တွေက ကလိုရင်း ဆေးဖြန်းတာတွေ လုပ်ဆောင်နေပါတယ်။

ရန်ကုန်တိုင်းမှာ ဖြစ်ပွားနေတဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် မွန်ဒေသအတွင်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားတဲ့ လူနာတွေ ရောက်ရှိလာပါက ဆေးရုံတွေမှာ သီးသန့်အခန်းတွေ ထားရှိဖို့နဲ့ ကုသဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- အောင်မင်္ဂလာလူမှုကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.