သရက်ချောင်း၊ ဩဂုတ် ၁၆

တနင်္သာရီတိုင်း သရက်ချောင်းမှာ အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့ကစလို့ အင်အား ၇၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာကနေ ကြာအင်း၊ ကြက်စားပြင်၊ မိုးရွှေကုန်း၊ စော်ဖျား၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ရောင်းမော်ကျေးရွာတို့ကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာပါ။

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို မိုးထဲလေထဲ အသည်းအသန် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းဟာ လမ်းမှာတွေ့ရှိတဲ့ ဒေသခံ အမျိုးသား ၁၀ ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ သြဂုတ် ၁၅ ရက်နေ့အထိ စစ်ကြောင်း ပြန်မဆုတ်သေးဘဲ ကျေးရွာတွေထဲ တပ်စွဲနေထိုင်နေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintahryi အဖွဲ့ရဲ့ အစီရင်ခံစာတွေအရ တနင်္သာရီတိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချမှု ပိုမို ပြုလုပ်လာတာပါ။

တနင်္သာရီတိုင်းမှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၈၅၀၀၀ ကျော်အထိ ရှိနေပြီး အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.