ကရင်ပြည်နယ်က မြို့တွေအားလုံးမှာ CCTV ကင်မရာ တပ်ဆင်ဖို့ လွှတ်တော် အတည်ပြု

ဘားအံ၊ သြဂုတ် ၁၅

ကရင်ပြည်နယ်အတွင်းရှိ မြို့တွေအားလုံးမှာ CCTV ကင်မရာတွေ တပ်ဆင်အသုံးပြုနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးဖို့ အဆိုကို စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ကရင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

ဒီအဆိုကို ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီလှိုင်က တင်သွင်းခဲ့ပါတယ်။

အဆိုရှင်က ကရင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူလုံခြုံရေး ပိုမိုကောင်းမွန်စေဖို့ ပြည်နယ်အတွင်းရှိ မြို့တွေအလိုက် အဓိကလမ်းဆုံလမ်းခွတွေ လူစည်ကားရာနေရာတွေ ဈေးတွေ အများပြည်သူအသုံးပြုတဲ့နေရာတွေနဲ့ အရေးပါသောနေရာတွေမှာ CCTV ကင်မရာတွေ တပ်ဆင်အသုံးပြုနိုင်ဖို့ အဆိုတင်သွင်းခဲ့တာပါ။

ဒါ့အပြင် CCTV ကင်မရာတွေ တပ်ဆင်အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်တွေ၊စီးပွားရေးလုပ်ငန်းတွေ စေတနာရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ ဦးညီညီလှိုင်က တိုက်တွန်းခဲ့ပါတယ်။

ဒီအဆိုကို သြဂုတ် ၁၄ ရက်နေ့က ကျင်းပတဲ့ ကရင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်အပါအဝင် ကိုယ်စားလှယ် နှစ်ဦး ထောက်ခံဆွေးနွေးပြီးနောက် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

CCTV ကင်မရာတွေ တပ်ဆင်အသုံးပြုနိုင်ရေး အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီလှိုင်ဟာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်ပြီး စစ်တပ်ဗိုလ်ကြီးဟောင်းနဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်က ဒေသခံတစ်ဦးကတော့ ” ဒုစရိုက်အလုပ်တွေ ကြောက်တာဆိုတော့ တတ်သင့်ပါတယ်။ ဒါပေမယ့် မြို့ခံတစ်ယောက်အနေနဲ့ လွတ်လပ်မှုတော့ မရှိတော့ဘူးပေါ့။ ဥပမာ ဘယ်သွားသွားဘာလုပ်လုပ် မျက်လုံးတစ်စုံက အမြဲစောင့်ကြည့်နေသလိုဖြစ်တော့ မလွတ်လပ်တော့ဘူးပေါ့။ ထိုင်းတွေလည်း သူတို့ရွာ နေရာအားလုံး CCTV ကြီးပဲလေ။ ဒါတောင်ရွာပဲရှိသေးတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်အတွင်း သွားလာလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် ပိုမိုစောင့်ကြည့်နိုင်ဖို့ CCTV ကင်မရာတွေကို ပိုမိုတိုးမြှင့်ပြီး တပ်ဆင်ဆောင်ရွက်ဖို့ ဖြစ်နိုင်တာကြောင့် အသွားအလာ သတိပြုသင့်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပေးပါတယ်။

ကရင်ပြည်နယ် မြို့တော် ဘားအံမြို့နဲ့ နယ်စပ် မြဝတီမြို့ရဲ့ အချက်အချက်ကျရာနေရာတွေ လမ်းဆုံလမ်းခွတွေ အရေးပါတဲ့ နေရာတွေမှာ စစ်တပ်က လုံခြုံရေးအတွက်ဆိုပြီး CCTV ကင်မရာတွေ တပ်ဆင်ကာ စောင့်ကြည့်အသုံးပြုနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.