ကျိန္တလီ၊ သြဂုတ် ၁၅
ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့မှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ် ညသန်းခေါင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ် တစ်စီးဟာ ကျိန္တလီမြို့က အမှတ် ၁ ရပ်ကွက်ကို လေကြောင်းကနေ ဗုံး နှစ်လုံး ကြဲချသွားတာပါ။
ဗုံးကြဲမှုကြောင့် အသက် ၇ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးငယ်နှစ် အပါအဝင် အမျိုးသား လေးဦး နဲ့ အမျိုးသမီး လေးဦးတို့ဟာ နေအိမ်ပေါ်မှာပင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး နေအိမ် ၅ လုံးနဲ့ ဆိုင်ကယ်တစ်စီး ပျက်စီးခဲ့တယ်လို့ AA ကဆိုပါတယ်။
အလားတူ အဲဒီနေ့ ညပိုင်းမှာလည်း ဂွမြို့နယ်ရှိ ကိုင်းခုံကျေးရွာကို အာဏာသိမ်း စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်ပျက်စီးမှု တစ်စုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
AA နဲ့ မြေပြင်တိုက်ပွဲတိုင်းမှာ အထိနာနေတဲ့ စစ်တပ်ဟာ ရှုံးမဲမဲနေတာကြောင့် အရပ်သားပြည်သူတွေကို နေ့ရောညပါ အချိန်မရွေး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် ရခိုင်ဒေသတစ်ခုလုံး လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့ အာရက္ခတပ်တော် ထပ်မံတိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိလာခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အပြင်းအထန် ရှုံးနိမ့်နေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ဂွ၊ သံတွဲ၊ အမ်း၊ မြောက်ဦး၊ တောင်ကုတ်နဲ့ပုဏ္ဏာကျွန်းမြို့နယ်တို့မှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပါတယ်။
အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ နှစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသခံပြည်သူ ၅၀ ထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ရာနဲ့ချီ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

