နေပြည်တော် ၊ ဩဂုတ် ၁၆

လက်ရှိ ပြည်သူ့တော်လှန်ရေးဟာ အရေးကြီးဆုံး အဆုံးအဖြတ်ကာလကို ရောက်ရှိနေပြီဖြစ်လို့ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအင်အားနဲ့သာ မလွဲဧကန် အောင်ပွဲရရှိမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အစီအစဉ်နဲ့တကွ NUG ရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ မိမိတို့ တတ်စွမ်းသလောက် အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြဖို့ တိုက်တွန်းထားတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လက်ရှိမှာ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းထားပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး မဟာမိတ်တွေနဲ့အတူ ဦးဆောင်ပါဝင်နေတာ ဖြစ်ပါတယ်။

ဩဂုတ် ၇ ရက်နေ့က SCEF ရဲ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ နဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီတို့ အွန်လိုင်းကနေ ပူးတွဲအစည်းအဝေးပြုလုပ်ခဲ့ပြီး အဲဒီကနေ ပူးတွဲ ဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦးနဲ့ တွဲဖက်အတွင်းရေးမှူး နှစ်ဦးတို့ကို ရွေးချယ်ခဲ့တယ်လို့ အသိပေးထားတာပါ။

စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU စစ်ဦးစီးချုပ်တို့ ပါဝင်ပြီး အတွင်းရေးမှူးကိုတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တာဝန်ယူမှာ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က လက်ရှိ အခင်းအကျင်းအရ တော်လှန်ရေးအဆုံးအဖြတ်အဖြစ် ပြောင်းလဲနိုင်တဲ့ တိုက်ပွဲမျိုး ဖြစ်လာနိုင်စရာ အခြေအနေ နည်းတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ရေးအခြေအနေကို ကြည့်မယ်ဆိုရင် ခုခံစစ်ကနေ မဟာဗျူဟာ ထိုးစစ်ကို ပြောင်းမယ်လို့ ကြွေးကြော်ထားတာ ရှိတယ်။ ဒါပေမယ့် လက်ရှိ မြေပြင်အခင်းအကျင်းမှာတော့ နည်းဗျူဟာကျတဲ့ တိုက်စစ်အနေအထားမျိုးတွေကို တော်လှန်ရေးတပ်တွေဘက်က ဆင်နွှဲနိုင်ခြင်းမရှိဘူး။ အဆုံးအစွန်ပြောရရင် ရခိုင်တောင်ပိုင်း ချင်းတောင်ပိုင်း ကရင်ပြည်နယ်ဒေသတွေတောင်မှပဲ စစ်တပ်ရဲ့ အင်အားသုံး သာလွန်ထိုးစစ်တွေကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေရတဲ့ အနေအထားမျိုးပဲ။ အဲဒီတော့ ခုခံစစ်ကနေပြီးတော့မှ မဟာဗျူဟာကျတဲ့ ထိုးစစ်မပြောင်းခင် ထိုးစစ်အသွင်ရှိတဲ့ ခံစစ်ပုံစံမျိုး ပြောင်းလဲဖို့ ပြင်ဆင်လာတဲ့ အနေအထားမျိုးလို့တော့ ပြောရမယ်ဗျ”လို့ ဆိုပါတယ်။

ဩဂုတ် ၃ ရက်ကနေ ၆ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများအစည်းအဝေးအတွင်း SCEF ရဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ခဲ့တာပါ။

ဒါ့အပြင် စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ လက်တွဲပြီး “ပြည်သူ့ခုခံတွန်းလှန်စစ်” ကနေ “မဟာဗျူဟာထိုးစစ်”ကို တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် လုပ်ဆောင်သွားကြဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ တော်လှန်ရေးအတွက် အဓိက လိုအပ်တဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ပါဝင်ဖို့ လိုအပ်တဲ့ အနေအထားမှာ စုပေါင်းအားနဲ့ တတ်နိုင်သလောက် ပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက NUG က တိုက်တွန်းခဲ့တာပါ။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF စတင်တဲ့ အချိန်ကနေ ဒီကနေ့တိုင် ခိုင်မာတဲ့ သန္နိဋ္ဌာန် ပြတ်သားတဲ့ ယုံကြည်ချက်တို့နဲ့ တာဝန်ထမ်းဆောင်ခဲ့ကြသူ တစ်ဦးချင်းစီကို အထူးဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း၊ တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းတဲ့အချိန်ကနေစပြီး ၃၈ ကြိမ်အထိ ပေးအပ်ခဲ့ပြီး တစ်ကြိမ်မှာ ပျမ်းမျှအနေနဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ ၀ ဒသမ ၉၆ သန်းခန့် သုံးစွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတဝှမ်း ဖွဲ့စည်းထားရှိတဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း ၃၆၀ ကျော်ကို ဖြန့်ဝေခဲ့တာဖြစ်ပြီး အခုနှစ်ကနေစတင်ကာ တပ်ရင်းထောက်ပံ့မှု တစ်ကြိမ်မှာ ခန့်မှန်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်အထိ တိုးမြှင့် ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေး တပ်ရင်း၊ အဖွဲ့တွေကိုလည်း ၃၆ ကြိမ်မြောက်ကနေ စတင်ပြီး တိုးချဲ့ထောက်ပံ့နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။

ဒီကနေ့အထိ သုံးစွဲခဲ့တဲ့ တပ်ရင်းထောက်ပံ့စရိတ်တွေရဲ့ ၈၅ ရာခိုင်နှုန်းကျော် ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အစီအစဉ်ရဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာအထိ ၄၆ လတာအတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေကနေ ထုတ်နှုတ်သုံးစွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.