သံတွဲမှာ လေကြောင်းထပ်မံဗုံးကြဲခံရလို့ သားအဖနှစ်ဦး သေဆုံး

သံတွဲ၊ ဩဂုတ် ၁၇

ရခိုင်ပြည်နယ် သံတွဲမြို့မှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သားအဖနှစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

မနေ့ ဩဂုတ် ၁၆ ရက် မနက် ၆ နာရီခွဲအချိန်ခန့်မှာ သံတွဲမြို့ အမှတ် ၈ (က) ရက်ကွက်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းဗုံးကြဲမှုကြောင့် အမှတ် ၈ (က) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၀ နှစ်အရွယ် ဦးမင်းနောင်နဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မချွန်းလဲ့ရွှေတို့ နှစ်ဦးဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ AA က ဆိုပါတယ်။

ဒါ့အပြင် အသက် ၂ နှစ်အရွယ် မောင်ရွှေမိုးယံဇော်၊ အသက် ၄၅ နှစ်အရွယ် ဦးဇေယျာမင်းလွင်နဲ့ အသက် ၄၀ နှစ်အရွယ် ဒေါ်ဌေးဌေးမော်တို့ သုံးဦး ဗုံးစထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ၇ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အလားတူ အဲဒီနေ့ မနက်ပိုင်းမှာလည်း သံတွဲမြို့ မောင်ရွှေလေးကျေးရွာအနီးကို အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သန့်ရှင်းရေးအလုပ်သမား ဝန်ထမ်း ၃ ဦး အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁၆ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အပြင်းအထန် ရှုံးနိမ့်နေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ဂွ၊ သံတွဲ၊ အမ်း၊ မြောက်ဦး၊ တောင်ကုတ်နဲ့ပုဏ္ဏာကျွန်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.