မော်လမြိုင်၊ ဩဂုတ် ၁၇

မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းကားဝင်း တော်ဝင်မန္တလာ ကားဂိတ်မှာ ထားဝယ်မြို့ခံ လင်မယား ၂ ဦးကို အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ သြဂုတ် ၁၆ ရက်နေ့ ညနေပိုင်းက တော်ဝင်မန္တလာ ကားဂိတ်မှာ ပါဆယ်ပစ္စည်းလာယူတဲ့ ထားဝယ်မြို့ မြောက်ရွာရပ်ကွက်နေ အသက် ၄၃ နှစ်အရွယ် ကိုဝိုင်းဇင်နှင့် ဇနီးဖြစ်သူ ဒေါ်နီလာပြုံးတို့ကို ဝင်ရောက်ဖမ်းဆီးသွားတာပါ။

ဒီဖမ်းဆီးမှုဟာ အဲဒီနေ့ မနက်ပိုင်းက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ မန္တလေးမြို့မှ မော်လမြိုင်မြို့သို့ ပို့ဆောင်မယ့်  CDET ALFA တံဆိပ်ပါ Detonator ဖောက်ခွဲရေးကိရိယာဖြစ်တဲ့ Detonator အချောင်း ၁၀၀ ပါ ၊ ဘူး ၄၀ သိမ်းဆည်းမိမှုကြောင့် သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ထားဝယ်မြို့ခံ လင်မယား ၂ ဦးဟာ မော်လမြိုင်ကားဂိတ်မှာ ပါဆယ်ပစ္စည်းတွေ လာယူစဉ် သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံ လင်းမယာ နှစ်ဦးရဲ့ထွက်ဆိုချက်အရ Detonator ဖောက်ခွဲရေးကိရိယာတွေဟာ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိတဲ့ ဦးလှဟန်ရဲ့ ခဲမိုင်းလုပ်ကွက်ကို ပို့ဆောင်မယ့် ပစ္စည်းတွေလို့ သိရပါတယ်။

လက်ရှိမှာတော့ Detonator ဖောက်ခွဲရေးကိရိယာ သယ်ဆောင်မှုနဲ့ ထားဝယ်မြို့ခံ လင်မယား ၂ ဦးကို မော်လမြိုင် စစ်ကြောရေးမှာ ဖမ်းဆီးစစ်ဆေးနေပြီး ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကိုလည်း ညောင်ခါးရှည်ရဲစခန်းမှာ စစ်ဆေးနေပါတယ်။

ထားဝယ်မြို့နယ် အရှေ့တောဒေသဟာ သတ္တုတူးဖော်ရေးနဲ့ ခဲမိုင်း လုပ်ကွက် အများအပြား ရှိပြီး သြဂုတ်လဆန်းပိုင်းကလည်း အဲဒီဒေသရှိ ခဲမိုင်းလုပ်ကွက်တချို့ကို အာဏာသိမ်း စစ်တပ် ဝင်ရောက်စီးနင်းပြီးနောက် စက်သုံးဆီ ပေပါ ၁၀၀ ထက်မနည်း သိမ်းယူသွားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.