မော်လမြိုင် ၊ ဩဂုတ် ၁

မွန်ပြည်နယ်မှာ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်လာခဲ့သလို စက်သုံးဆီ အရောင်းဆိုင် အများစုမှာလည်း ဆီပြတ်လပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီ ဈေးနှုန်းဟာ ဇူလိုင် ၃၁ ရက်နေ့မှာတော့ အောက်တိန်း အမျိုးအစား ၉၂ ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၅၅၀ ကနေ ကျပ် ၃၈၅၅ ၊ ၉၅ ဓာတ်ဆီ တစ်လီတာကို ကျပ် ၃၆၃၅ ကနေ ကျပ် ၃၉၄၀ ထိ တစ်လီတာကို ကျပ်၃၀၀ ကျော် မြင့်တက်လာတာပါ။

ဒါ့အပြင် ပရီမီယံ အမျိုးအစား ဒီဇယ်ဆီ ဈေးနှုန်းကလည်း တစ်လီတာကို ကျပ် ၄၅၉၅ ကနေ ကျပ် ၅၀၉၅ ၊ ရိုးရိုး ဒီဇယ်ဆီ က တစ်လီတာကို ကျပ် ၄၀၈၀ မှ ကျပ် ၄၅၇၀ ထိ တစ်လီတာကို ကျပ် ၅၀၀ ဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။

မုဒုံ ဒေသခံ တစ်ဦး ကတော့ စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ စက်သုံးဆီဆိုင်တွေက အလှည့်ကျ ပုံစံနဲ့ ရောင်းချ ပေးနေတာကြောင့် တန်းစီ ဝယ်ယူ နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆီကတော့ မပြေလည်ဘူး။ ဈေးလည်း တက်သွား ပြန်ပြီ။ သူတို့က ဆိုင်တော့ အဖွင့် ပြထားတယ်၊ ဆိုင်မှာ ဆီမရှိဘူး။ ဒါပေမယ့် အလှည့်ကျ လိုလို ဖွင့်ပေးနေတယ်။ အခုလည်း အခုကတော့ တန်းစီ နေရတာ အရှည်ကြီးပဲ၊အဆင်မပြေသေးဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီဆိုင်တွေမှာ လိုချင်တဲ့ စက်သုံးဆီ အမျိုးအစားကို ဝယ်ယူလို့ မရဘဲ ရှိတဲ့ စက်သုံးဆီတွေကိုသာ ဝယ်ယူ နေရတဲ့အပြင် စုံ၊မ စနစ်နဲ့ ရောင်းချ ပေးနေပေမယ့် သတ်မှတ်ထားတဲ့ လီတာအလိုက် မရောင်းချ ပေးဘဲ လျော့ချပြီး ရောင်းချ ပေးတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဘီးလင်း ဒေသခံ တစ်ဦး ကလည်း စက်သုံးဆီတွေဟာ လက်ရှိ ဘယ်မှာမှ ဝယ်ယူလို့ မရဘဲ စက်သုံးဆီ မရှိဘူးဆိုကာ စက်သုံးဆီဆိုင်တွေ ပိတ်ထားတာရှိသလို စက်သုံးဆီ အခက်အခဲဟာဆိုရင် ပြီးခဲ့တဲ့ တစ်ပတ်ကထက် ပိုဆိုးလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စက်သုံးဆီကတော့ ရက်စက်တာပေါ့။ဘာမှ ထုတ်လို့ မရတာ၊ အခါတိုင်းက နည်းနည်း ဟိုမရှိဘူး ဘာညာ ပြောတာပေါ့လေ။ ဆီမရောင်း ပေးတာက ပြောလို့ ရတယ်။အခုဟာက ဆီမရှိဘူး ဆိုပြီး ပိတ်ပိတ် ပြစ်တာ၊အခက်အခဲ ကတော့ တော်တော်ကို ဖြစ်တာ၊ ဟိုတစ်ပတ်က ဖြစ်တာ နည်းနည်း တော်သေးတယ်၊ အခု ဒီတစ်ပတ်က ပိုဆိုးတယ်၊ လုံးလုံးကို ဆီမရှိဘူး ဆိုပြီး လုပ်တာ”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ စက်သုံးဆီဆိုင်တချို့မှာ စက်သုံးဆီတွေ ပြတ်လပ်ပြီး ဝယ်ယူလို့ မရဖြစ်နေတာကြောင့် စက်သုံးဆီ မှောင်ခိုဈေးကွက်မှာ စက်သုံးဆီ တစ်လီတာကို အနည်းဆုံး ကျပ် ၇၀၀၀ ဝန်ကျင်းကနေ ကျပ် ၁၀၀၀၀ ဝန်းကျင်ထိ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ဟာဆိုရင် လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို စက်သုံးဆီ ရောင်းပေးတယ်ဆိုကာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးက “ထက်” စက်သုံးဆီဆိုင်ကို ဆိုင်ပိတ် အရေးယူခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း မော်လမြိုင်မြို့ စက်မှုဇုန်ရပ်ကွက်ရှိ “ပြည်စိုးမိုး” စက်သုံးဆီဆိုင်ကိုလည်း တရားမဝင် စက်သုံးဆီ ရောင်းချတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆိုင်ပိတ်ကာ အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို စက်သုံးဆီ ရောင်းချနေတဲ့ ဆိုင်တွေကို ဆိုင်ပိတ် အရေးယူတာတွေအပြင် စက်သုံးဆီ ခွဲတမ်းတွေကိုလည်း လျော့ချ လာတာကြောင့် အရင်လို ညအိပ် တန်းစီ ဝယ်ယူရတဲ့ ပုံစံ ပြန်ဖြစ်လာနိုင်တယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။

မွန်ပြည်နယ်မှာတော့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်က စတင်ကာ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရရဲ့ စက်သုံးဆီ ထုတ်ယူခွင့် တင်းကျပ်မှု တွေကြောင့် တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ ပြန်လည် ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.