နေပြည်တော်၊ ဩဂုတ် ၁

နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေးစွမ်းပကား ရရှိစေဖို့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ဆက်လက်ကျင့်သုံးမယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ စစ်တပ် အသွင်းပြောင်း အစိုးရဲ့ ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားစဉ် ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားတာပါ။

ဦးမင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးအတွက် တိုက်စွမ်းရည် တိုက်စွမ်းအားရှိတဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမှာ ဖြစ်သလို တိုက်စွမ်းအားရှိဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ရရှိရေး ဆက်လက်ဖြည့်ဆည်းရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နဲ့အညီ နိုင်ငံတော် လုံခြုံရေး၊ကာကွယ်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ရေး တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ အာဏာတည်မြဲရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်း အသက်သွင်းပြီးနောက် လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ စစ်မှုထမ်း တပ်သား စုဆောင်းမှုပြီးနောက် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ သင်တန်းဖွင့်လှစ်ထားပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့တွေဟာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို အတင်းဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ငွေကျပ်သိန်းချီနဲ့ ပြန်လည်ရောင်းစားမှုတွေ လုပ်ဆောင်နေပါတယ်။

အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်မှုထမ်း ဥပဒေကြောင့် နိုင်ငံအတွင်းမှာ အလုပ်သမား ရှားပါးလာတာ၊ လူငယ်အများစု ပြည်ပနိုင်ငံတွေထံ ထွက်ခွာမှု မြင့်တက်လာတာကြောင့် လူ့သားအရင်းအမြစ် ဆုံးရှုံးမှု ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.