ဖာပွန်၊ သြဂုတ် ၃၀

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းတစ်လျှောက်မှာ ထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး တရားမဝင်သစ်တွေ ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲရာထာစစ်ဆေးရေးဂိတ်မှာ တရားမဝင် သစ်လုံး ၄၅ လုံး၊ သြဂုတ် ၂၆ ရက်နေ့က သံလွင်မြစ်ကမ်း ထိုင်းဘက်ခြမ်းမှာ တရားမဝင် သစ်လုံး ၅၉ လုံး ဖမ်းဆီးနိုင်ခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ တရားမဝင် သစ် ၄၅ လုံးကိုတော့ KNU ဖာပွန်ခရိုင် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ထိုင်းဘက်ခြမ်းမှာ ဖမ်းဆီးတဲ့ တရားမဝင်သစ် ၅၉ လုံးကိုတော့ ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖမ်းဆီးမှုဟာ ထိုင်းနဲ့ KNU ပူးပေါင်းပြီး နယ်စပ်ဒေသမှာ တရားမဝင်သစ် ခုတ်လှဲထုတ်ယူမှုကို စစ်ဆင်ရေးတစ်ခုအနေနဲ့ ပူးပေါင်းနှိမ်းနင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU အနေနဲ့ ဖာပွန်ခရိုင်မှာ နယ်စပ်လုံခြုံရေးနဲ့ကုန်သွယ်ရေးရုံး ထူထောင်ထားပြီး တရားမဝင် သစ်ခုတ်မှုနဲ့ ခွင့်ပြုချက်မရှိ ကုန်သွယ်မှုတွေ တားဆီးရေး ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒီတရားမဝင်သစ် ဖမ်းဆီးမှုဟာ နယ်စပ်တလျှောက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်နေတာကို ပြသတာ ဖြစ်တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.