မော်လမြိုင် ၊ ဩဂုတ် ၃၀

မွန်ပြည်နယ်မှာ စီးပွားရေးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBA ၊ PC နဲ့ BGF တို့ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး တရားမဝင် လုပ်ငန်းတွေနဲ့ ထင်တိုင်းကြဲခွင့်ရနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသတွင်းမှာ DKBA ၊ PC နဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေ သယ်ယူပို့ဆောင်တာ၊ တရားမဝင် ထိုင်းကုန်ပစ္စည်းတွေ သယ်ဆောင်တာအပြင် မူးယစ်ဆေးဝါးတွေကအစ တင်သွင်းဖြန့်ဖြူးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိလာပါတယ်။

ဒါ့အပြင် စစ်တပ်က သူတို့ အုပ်ချုပ်ရေးအပြည့်အဝ လက်လှမ်းမမီတဲ့ ဒေသတွေမှာ DKBA ၊ PC နဲ့ BGF တို့ကို စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ခွင့်ပြုပေးတာ၊ လောင်းကစားဝိုင်းတွေကိုပါ လုပ်ကိုင်ခွင့်ပေးထားပါတယ်။

အမည်မဖော်လိုတဲ့ မွန်ဒေသခံ နှစ်ဦးကတော့ DKBA ၊ PC နဲ့ BGF အဖွဲ့ဝင်တွေဟာ တရားမဝင် လုပ်ငန်းတွေမှာ အကြီးအကျယ် လုပ်ကိုင်ခွင့် ရရှိပြီး လက်နက်အားကိုးနဲ့ အကြွေးတောင်းတာကအစ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီအဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို သူတို့ရဲ့ အဖွဲ့ဝင် ယူနီဖောင်းနဲ့ သက်သေခံကတ် ပြပြီး ခြိမ်းခြောက်တာအပြင် လူအင်အားပြပြီး ခြိမ်းခြောက်တာအထိ ရှိလာတယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က စုံစမ်းတွေ့ရှိချက်တွေအရ အဲဒီအဖွဲ့တွေရဲ့ အဖွဲ့ဝင်အများစုကို စီးပွားရေးတာဝန်ခံအဖြစ် ကတ်တွေ ထုတ်ပေးပြီး လုပ်စားခွင့် ပြုလုပ်ထားသလို အဖွဲ့ချုပ်ကိုတော့ လစဉ် သတ်မှတ်နှုန်းထားကြေး ပြန်လည်ပေးသွင်းရပါတယ်။

တဖက်မှာလည်း အရှေ့တောင်းတိုင် စစ်ဌာနချုပ် အကြီးအကဲတွေဟာ DKBA ၊ PC နဲ့ BGF တို့ကို လုပ်ကိုင်ခွင့် ပေးထားတဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကနေ လစဉ် သိန်းထောင်နဲ့ချီ ရရှိနေကြပါတယ်။

စီးပွားရေးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)တို့ဟာ စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖက်တွေ ဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ် BGF ကတော့ စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင် တစ်ခု ဖြစ်ပါတယ်။

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း အင်အားကြီးထွားလာတဲ့ တပ်ဖွဲ့ တစ်ခုဖြစ်ပြီး သူတို့တပ်ဖွဲ့မှာ ဒေသခံကရင်လူမျိုးတွေအပြင် ဗမာ၊မွန်နဲ့တခြားတိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။

DKBA ၊ PC တို့ဟာ အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ စစ်တပ် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြဲလို သွားရောက်ပြီး စီးပွားရေး လုပ်ကိုင်ခွင့်တွေ ရရှိနေပါတယ်။

စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက် DKBA ကိုတော့ ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်မှုနဲ့ အမေရိကန်အပါအဝင် ဥရောပသမဂ္ဂ EU တို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DKBA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.