နေပြည်တော် ၊ ဩဂုတ် ၃၀

အာဏာသိမ်းစစ်တပ်ရဲ့ အင်စတီကျူးရှင်းကို အမြစ်တွယ်ခိုင်မာအောင် တည်ဆောက်ထားတဲ့ စစ်တက္ကသိုလ်မှာ တက်ရောက်နေကြတဲ့ မျိုးဆက်သစ် အနာဂတ် စစ်ခေါင်းဆောင်တွေကို နိုင်ငံ့အာဏာရယူနိုင်အောင် လမ်းကြောင်းလာနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းတွင်ခဲ့တဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဗိုလ်လောင်းတွေ ဘွဲ့လွန်သင်တန်းသားတွေနဲ့ အရာရှိစစ်သည်တွေကို တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဝါဒမှိုင်းတစ်ခု သွတ်သွင်းခဲ့တာပါ။

ဩဂုတ် ၂၈ ရက်နေ့က ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်ကို ရောက်ရှိချိန်မှာ ၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေကြောင့် စစ်တပ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးကို အချိန်မီတာဝန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီခုနှစ်တွေမှာ တိုင်းပြည်ဆူပူအုံကြွစေမှုနဲ့ မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေကြောင့်လို့ ပုံဖျက်ထားတာပါ။ ဒီလိုမျိုး နိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ရေးမှာ စစ်တပ်အနေနဲ့ စွမ်းရည်ထက်မြက်တဲ့ တပ်မတော်ဖြစ်နေဖို့ အရေးကြီးတယ်လို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောပါတယ်။

စစ်တက္ကသိုလ်ရဲ့ အဓိကတာဝန်ဟာ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ မွေးထုတ်ပေးတာ ဖြစ်ပြီး အရာရှိကောင်းတွေဖြစ်စေရေး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပြင် ခေါင်းဆောင်မှုစွမ်းရည်ပါ ပြည့်ဝဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်တွေက စဉ်းစားဆင်ခြင်တုံတရားနဲ့ သတ္တိရှိရှိ တည်ငြိမ်စွာနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်သူတွေဖြစ်ဖို့ လိုသလို လက်ရုံးရည် နှလုံးရည်နဲ့ စဉ်းစားဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ် ကြံ့ခိုင်သူတွေ ဖြစ်ဖို့လည်း လိုတယ်လို့ ပြောဆိုခဲ့တာပါ။

ဒီလိုမျိုး ပြောဆိုမှုတွေဟာ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကို တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာ ရယူဖို့ Mindsets သွင်းတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“အဓိကတော့ သူတို့က (စစ်ခေါင်းဆောင်တွေ) တိုင်းပြည်ကို ဆက်ပြီးတော့ အုပ်ချုပ်ချင်လာအောင် အားကျလာအောင် ငါတို့လို ရာထူးကြီးလာရင် ဒီလိုမျိုး အုပ်ချုပ်ရတယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ သူတို့ ခြေရာကို တစ်ထပ်တည်း နင်းလာနိုင်အောင် ဒါ စပြီးတော့ ဝါဒဖြန့်တာထက် Brain Washed (ယုံကြည်ချက်နဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်ခြင်း) ပေးနေပြီလို့ ကျွန်တော်တို့က ပြောရမှာ ဖြစ်ပါတယ်ဗျ”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်မှုသဖွယ် ဇောင်းပေးပြီး စစ်တက္ကသိုလ်ကနေ အောက်ခြေ စစ်ကြောင်းတွေမှာရှိတဲ့ စစ်မှုထမ်းတွေနဲ့ တပ်သားတွေကို ဝါဒမှိုင်းတိုက်တဲ့ အနေအထားလို့ သူက ထောက်ပြပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ အခင်းအကျင်းနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးကနေ စစ်အာဏာရှင်စနစ်အမြစ်ပြတ်‌ရေး လက်နက်ကိုင်တိုက်ပွဲရဲ့ ဇစ်မြစ်ဟာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောဆိုချက်နဲ့ ကွဲလွဲနေပါတယ်။

တစ်ဘက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ၂၀၂၁ ကနေ လက်ရှိ အခြေအနေအထိ အမြဲတစေ ပြောဆိုနေတဲ့ တပ်မတော်က အာဏာထိန်းရပါတယ်ဆိုတဲ့ ဇာတ်ကြောင်းနဲ့လည်း ဆန့်ကျင်နေတာပါ။

စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အကြောင်းပြပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီအပေါ် ပြည်သူတွေဟာ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြပေမယ့် စစ်တပ်ကတော့ လက်နက်အားကိုးပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် မလွဲသာတော့တဲ့ အခြေအနေမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာပါ။

ဒါဟာ တစ်နည်းအားဖြင့် လက်နက်ကိုင်လမ်းစဉ်ပေါ်ရောက်အောင် စစ်တပ်က တွန်းပို့ခဲ့တာ ဖြစ်သလို ဒီမိုကရေစီအစိုးရနှစ်ဆက် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း ဆုတ်ယုတ်သွားစေခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အာဏာရှင်တွေက လူထုအပေါ် မတရား ရက်စက်ဖိနှိပ်တာဖြစ်လို့ စစ်ခေါင်းဆောင်တွေ ပြောဆိုမှုအပေါ် ဘယ်သူမှ လက်မခံကြဘူးလို့ ထောက်ပြပါတယ်။

“အဲဒီတော့ ဖြစ်လာသမျှ အကျိုးဆက်တွေအားလုံး ဒီစစ်အာဏာရှင်က လူထုအပေါ် မတရား ရက်စက်လို့ ဖိနှိပ်လို့ ဖြစ်တယ်။ဒါကြောင့်မို့လို့ ဒီဟာနဲ့ ပတ်သက်ပြီး ဖြစ်လာသမျှ ကိစ္စတွေသည် သူတို့ပဲ တာဝန်ယူမှု တာဝန်ခံရမှာဖြစ်ပြီးတော့ မြေပြင်အခြေအနေမှာတော့ ပြည်သူလူထုက စစ်အာဏာရှင်ရော စစ်တပ်ကိုရော ဒီစစ်ခေါင်းဆောင်တွေကို ဘယ်သူမှ လက်မခံကြဘူးဆိုတာ မြေပြင်နဲ့ ဒီလိုကွဲပြားနေတယ်ဆိုတာကို ပြောကြားချင်ပါတယ်”လို့ ဆိုပါတယ်။

ခေတ်အဆက်ဆက် တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးယန္တရားအောက် သွတ်သွင်းဖို့ စစ်ခေါင်းဆောင်အဆက်ဆက် အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ကိုယ်နဲ့ မဆိုင်တဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ပါဝင်ချင်ကြပါတယ်။

ဒါကြောင့်လည်း စစ်တပ်စိတ်ကြိုက်ရေးဆွဲပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးဦးဆောင်းမှုအခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာပါ။

ဒီအတွက် ပြည်‌ထောင်စုအဆင့် ကာကွယ်ရေးနဲ့ ပြည်ထဲရေးမှာ ဝန်ကြီးနှစ်နေရာအထိ စစ်ဗိုလ်ချုပ်တွေက ရယူထားနိုင်တဲ့အပြင် တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာတွေကိုလည်း ရယူထားပါတယ်။

ဒါတင်မလုံလောက်သေးဘဲ လွှတ်တော်အရပ်ရပ်မှာလည်း ရွေးကောက်ပွဲဝင်ပြိုင်စရာမလိုဘဲ တပ်ချုပ်ရဲ့ အမည်စာရင်းပေးပို့ ခန့်အပ်မှုနဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအထိ အခန့်သား နေရာယူထားတာပါ။

လက်ရှိမှာတော့ ၂၀၂၁ အာဏာသိမ်းမှုကို အရင်းပြုကာ စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေး‌ကောက်ပွဲကနေ စစ်ခေါင်းဆောင်တွေဟာ အရပ်သားအသွင်ပြောင်းကာ နိုင်ငံ့အာဏာကို ဆက်လက် ချုပ်ကိုင်ထားပြီး တပ်ချုပ်နေရာကိုလည်း အပြောင်းအလဲလုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.