တနင်္သာရီ၊ ဩဂုတ် ၃၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တနင်္သာရီမြစ်ရေဟာ အန္တရာယ်ရေမှတ်ထက် ကျော်လွန်တာကြောင့် လူပေါင်း ထောင်ချီ အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၃၁ ရက်နေ့ မနက်ပိုင်း တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေမှတ် ၁၇ ပေ၊ အန္တရာယ်ရေမှတ် ၂၄ ပေထက် ကျော်လွန်ပြီး ၂၅ ပေ ၆ လက်မအထိ ဆက်တိုက်မြင့်တက်လာပါတယ်။

တနင်္သာရီမြစ်ရေဟာ အန္တရာယ်ရေမှတ်ထက် ကျော်လွန်တာကြောင့် မြေနိမ့်ပိုင်းက ကျေးရွာတွေမှာ ရေ ၆ ပေကျော်အထိ မြင့်တက်လာပြီး တစ်ထပ်အိမ်တွေဟာ အိမ်ခေါင်မိုးမြှုပ်တဲ့အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

ရေကြီးရေလျှံမှုနဲ့အတူ မြစ်ရေ ဆက်တိုက်မြင့်တက်လာတာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က လူဦးရေ ၅၀၀၀ နီးပါးကို ရေဘေးလွတ်ရော ကုန်းမြင့်ပိုင်းတွေကို အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် မြိတ်-တနင်္သာရီလမ်းပိုင်းကားလမ်း တချို့နေရာတွေမှာ ရေ ၂ ပေကျော်အထိ မြင့်တက်လာကြောင့် ကားကြီးတချိုးသွားလာလို့ ရနေသေးပေမယ့် တနင်္သာရီ-ကော့သောင်းလမ်းပိုင်းမှာတော့ ကားလမ်းပေါ် ရေ ၄ ပေလောက်ကျော်နေလို့ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့ကစလို့ တနင်္သာရီမြစ်ရေဟာ တဖြည်းဖြည်းတက်လာရာမှ ဩဂုတ် ၃၁ ရက်နေ့မှာတော့ စိုးရိမ်ရေမှတ်အထက် အန္တရာယ်ရေမှတ်ကိုတောင် ကျော်လွန်လာပြီး ရေကြီးရေလျှံမှု အဆိုးဆုံးအခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။

ရေကြီးရေလျှံမှုကြောင့် နေအိမ်တွေမှာ ကျန်ရစ်နေသူ၊ ရွှေ့ပြောင်းနေထိုင်နေရသူတွေမှာ အစားအသောက်နဲ့သောက်ရေ အကူအညီလိုအပ်နေပြီး ကျေးရွာတွေဘက်ကို ကူညီထောက်ပံ့ပေးသူတွေ မရောက်လာကြသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.