မော်လမြိုင် ၊ ဩဂုတ် ၃၁
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဝမ်းနည်းကြောင်း သဝဏ်လွှာ ကိုယ်စီပေးပို့ကြပါတယ်။
အသက် ၆၃ နှစ်အရွယ် ဦးအောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ရုံမှာ ဆေးဝါးကုသမှုခံယူနေစဉ် ဩဂုတ် ၃၀ ရက်နေ့မှာ ထိုင်းစံတော်ချိန် ညနေ ၃ နာရီ ၁၃ မိနစ်မှာ ကွယ်လွန်အနိစ္စရောက်သွားကြောင်း ရင်ကွဲနာကျင်စွာနဲ့ KNPP ဗဟိုဌာနချုပ်က အသိပေးခဲ့တာပါ။
ကွယ်လွန်သူရဲ့ ရုပ်ကလာပ်ကို ကရင်နီပြည် နယ်စပ်တစ်နေရာမှာ စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်မှာ မြေမြှုပ်သင်္ဂြုလ်မှာဖြစ်လို့ ရပ်ဝေးရပ်နီးက ဆွေမျိုးမိတ်ဆွေတွေနဲ့ တော်လှန်ရေးအဖွဲအစည်းတွေကို အသိပေးအကြောင်းကြားတာ ဖြစ်ပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ တိုင်းရင်းသားလူမျိုးများကောင်စီ (Multi-Ethnic Councils) ရဲ့ ညှိနှိုင်းရေးမှူး ဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
SCEF ကတော့ ဦးအောင်ဆန်းမြင့်ရဲ့ နောက်ဆုံးအချိန်အထိ ကရင်နီပြည်သူတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်သာမက တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက်ပါ အသက်သွေးချွေးနဲ့အမျှ ပေးဆပ်ခဲ့သူလို့ ဆိုပါတယ်။
ဦးအောင်ဆန်းမြင့်ရဲ့ မယိမ်းမယိုင်တဲ့ ယုံကြည်ချက်၊ ခိုင်မာပြတ်သားတဲ့ ခံယူချက်တွေနဲ့ ဦးလည်မသုန် ကြိုးပမ်းထမ်းရွက်ခဲ့မှုမှုကို မိမိတို့ အနေနဲ့ အစဉ်အမြဲ လေးစားဦးညွှတ်ပြီး တန်ဖိုးထား အမှတ်ရနေမယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
အခုလို တိုင်းပြည်နဲ့ လူမျိုးအတွက် အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားမှုဟာ ကရင်နီအမျိုးသားရေးလှုပ်ရှားမှုတွေအတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းနေတဲ့ SCEF အတွက် ကြီးစွာတဲ့ ဆုံးရှုးမှုတစ်ခုအဖြစ် ကမ္ဗည်းမော်ကွန်းတင်အပ်တယ်လို့ အသိပေးထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း တော်လှန်ရေးခရီးကြမ်းတစ်လျှောက် ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အုတ်မြစ်တွေကို စနစ်တကျ ချမှတ်ပေးခဲ့သူလို့ ဦးအောင်ဆန်းမြင့် ကွယ်လွန်မှုအပေါ် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွေမှာ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ကာ တော်လှန်ရေးအင်အားစုတွေအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလို့ ဆိုပါတယ်။
အခုလို နိုင်ငံရေး အမြော်အမြင်ကြီးမားတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတစ်ဦးကို ဆုံးရှုံးလိုက်ရတာဟာ ကရင်နီလူမျိုးတွေအတွက်သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစု တရပ်လုံးနဲ့ ပြည်သူလူထုအတွက်ပါ အစားထိုး မရနိုင်တဲ့ ကြီးမားလှတဲ့ ဆုံးရှုးမှုကြီးတစ်ရပ်လို့ အသိပေးထားတာပါ။
ဦးအောင်ဆန်းမြင့်ရဲ့ ခိုင်မာတဲ့ နိုင်ငံရေးသန္နိဋ္ဌာန်တွေ မျှော်မှန်းချက်တွေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို NUG အနေနဲ့ ဆက်လက် တာဝန်ယူပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းလာတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ NUG က ကတိပြုပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကလည်း ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားမှုဟာ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်သာမက ကရင်နီပြည်ရဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေအတွက်ပါ ကြီးမားလှတဲ့ ဆုံးရှုးမှုကြီး တစ်ရပ်လို့ သဝဏ်လွှာ ပေးပို့ပါတယ်။
နွေဦးတော်လှန်ရေး အစပိုင်းကာလတွေကတည်းက NUCC ဖွဲစည်းမှုမှာ ရှေ့တန်းကနေ တက်ကြွစွာ ပါဝင်ဦးဆောင်ခဲ့သူဖြစ်သလို စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ပေါင်းကူးပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးပါ။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့ ဦးအောင်ဆန်းမြင့်ရဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးကြိုးပမ်းဆောင်ရွက်ချက်တွေကို လေးစားစွာ ဂုဏ်ပြုလျက် အမြဲအမှတ်ရနေမယ်လို့ ဝမ်းနည်းကြောင်း သဝဏ်လွှတ်မှာ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

