ကျိုက်မရော၊ သြဂုတ် ၃၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စာသင်ကျောင်း ၄၀ နီးပါး ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်တိုက် မြင့်တက်လာတာကြောင့် ရပ်ကွက်ကျေးရွာအုပ်စု ၁၅ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၇၀၀၀ နီးပါး၊ လူဦးရေ ၃၂၀၀၀ ကျော် ရေဘေးကြုံနေရပြီး ယာယီကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားရပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ တစ်ပတ်ကျော်အကြာ ရေဘေးဒဏ် ခံစားနေရတာကြောင့် အစားအစာ၊ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လက်ရှိမှာလည်း အတ္ထရံမြစ်ရေဟာ ကျိုက်မရောမြို့ရဲ့ စိုးရိမ်ရေအမှတ် ၅၀၀ စင်တီမီတာကို ကျော်လွန်ကာ ၅၃၈ စင်တီမီတာသို့ ရောက်ရှိလာတာကြောင့် ရေဘေးသင့်သူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ရေဘေးသင့်ဒေသတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ အလှူရှင်တွေနဲ့ ဒေသခံပြည်သူတွေက အစားအသောက်နဲ့ ရေသန့်တွေ သွားရောက်လှူဒါန်းမှုတွေ လုပ်ဆောင်နေပါတယ်။

ရေကြီးရေလျှံမှုဟာ ကျိုက်မရောမြို့ပေါ် ရှင်စောပုနဲ့ရန်မျိုးအောင်ရပ်ကွက်၊ အတ္ထရံမြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ ဦးလေး၊ ငပြေမ၊ နိတုံ၊ ရေပူ၊ အထရံ၊ လမုခို၊ လှကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင်နဲ့ ချောင်းနှစ်ခွကျေးရွာအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော် ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်၂၄ ရက်နေ့ကလည်း ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့ကျောက်တောင်တောရကျောင်းက သက်တော် ၆၈ နှစ်အရွယ် ရဟန်းတစ်ပါး ရေနစ်ကာ ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.