မကွေး ဩဂုတ် ၃၁

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး သုံ့ပန်းတွေ ဖမ်းဆီးရမိတယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက် ညပိုင်းက ရိက္ခာရှာထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းကို သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ကြားဖြတ်တိုက််ခိုက်ခဲ့တာပါ။

“စစ်ကြောင်းတွေကတော့ အခုအထိ ရှိနေဆဲပါပဲ။ တိုက်ပွဲမှာ ကျွန်တော်တို့က လက်ဦးမှု ရယူပြီးတော့ ပစ်ခတ်နိုင်ခဲ့တယ်။ သူတို့က ပြန်လည်ခုခံဖို့တောင် မတတ်နိုင်ပဲ ဆုတ်ပြေးခဲ့ရတာပေါ့။” လို့ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ စစ်ကြောင်းဟာ မင်းတုန်းမြို့နယ် အနောက်ခြမ်းကို ရောက်နေတဲ့ အင်အား ၂၀၀ ပါစစ်ကြောင်းကနေ ရိက္ခာရှာဖို့ခွဲထွက်လာတဲ့ အင်အား ၅၀ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားချိန်ဟာ ညမှောင်နေတာကြောင့် သြဂုတ် ၃၀ ရက်နေ့မှသာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရပြီး လက်နက်ခဲယမ်း တချို့နဲ့ အလောင်းတချို့ကို သိမ်းဆည်းရမိတယ်လို့ ကိုမြတ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ထောင်နဲ့ချီတဲ့ အင်အားတွေဟာ မင်းတုန်းအနောက်ခြမ်းကို ရောက်ရှိလာတာ ရက်သတ္တပတ် ၂ ပတ်ဝန်းကျင်ရှိပြီဖြစ်ပြီး အလှည့်ကျစစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ရခိုင်ရိုးမနဲ့ မကွေးတိုင်းအစပ်ကို နယ်မြေစိုးမိုးမှုပြန်လည်ရရှိဖို့အတွက် ကြိုးစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလက ကြိုးစားခဲ့သေးပေမဲ့ မအောင်မြင်လို့ ဒုတိယအကြိမ် အင်အားဖြည့်တင်းပြီး ပြန်လည်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းနဲ့ အာဏာသိမ်းစစ်တပ်တို့ရဲ့ သြဂုတ် ၂၉ ရက်တိုက်ပွဲကနေ MA3 ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်ကြပ်အဆင့် ၁ ဦး၊ ဒုတပ်ကြပ်အဆင့် ၂ ဦးနဲ့ ပြည်သူ့စစ် ၂ ဦးတို့ကိုလည်းဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်။

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပြီး သုံ့ပန်းတွေ ဖမ်းဆီးရမိတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.