ရေဖြူ၊ စက်တင်ဘာ ၁
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက် မနက် ၆ နာရီအချိန်ခန့်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက မောင်မယ်ရှောင်ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် MA1 သေနတ် ၆ လက်၊ MA3 သေနတ် ၂ လက်၊ကျည်ဘောက် ၁၁ ခုနဲ့ ကျည်တောင့် ၂၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် နယ်မြေရှင်းရေးတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အနီးအနားကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးနေပါတယ်။
လက်ရှိမှာလည်း ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ကျေးရွာတွေမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၄ ရွာက ဒေသခံတွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဘေလွတ်ရာ တောတောင်တွေမှာ တိမ်းရှောင်နေရပါတယ်။
ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူကာကွယ်ရေးတပ် TPLF ၊ ကျားသစ်နက်၊ ဘီးလုံးပျောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တော ပြည်သူကာကွယ်ရေးအင်အားစု DDF ၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

