ဘားအံ၊ စက်တင်ဘာ ၁
ကရင်ပြည်နယ်မှာ စစ်မှုထမ်းသင်တန်းအတွက် လူဦးရေမပြည့်မီလို့ဆိုပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ စစ်အစိုးရခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ညွှန်ကြားထားတာကြောင့် အရင်ကထက် ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်တပ်အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးမှာ စစ်မှုထမ်းဖို့သတ်မှတ်ထားတဲ့ လူအင်အားတွေ အပတ်စဉ် ပြည့်မီတာမရှိတဲ့အတွက် ရပ်ကွက်ကျေးရွာအုပ်စုအတွင်းရှိ လူငယ်တွေဆီ စစ်မှုထမ်းဆင့်ခေါ်စာတွေ လိုက်လံပေးပို့ဖို သတ်မှတ်လူဦးရေ မပြည့်မီပါက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးစုဆောင်းဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးရဲ့ အခုလိုညွှန်ကြားချက်ကြောင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ လူငယ်တွေအပေါ် ပေါ်တာဆွဲဖမ်းဆီးလာမှုတွေ ပိုပြီးများပြားလာနိုင်တာကြောင့် လူငယ်တွေအနေနဲ့ အသွားအလာသတိပြုဖို့ နယ်မြေခံသတင်းရင်းမြစ်တွေက အသိပေးပြောဆိုထားပါတယ်။
နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ သုံးသပ်ချက်အရ ဘားအံမြို့ကနေ လွဲပြီး ကရင်ပြည်နယ် ကျန်တဲ့ မြို့နယ်တွေမှာ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှု ပိုများလာနိုင်ပြီး ကျေးရွာချင်းဆက် လမ်းပိုင်းတွေမှာ ဖမ်းဆီးမှု ပိုများနိုင်တယ်လို့ ဆိုပါတယ်။
စစ်အစိုးရခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးရဲ့ ညွှန်ကြားချက်အရ ကြာအင်းဆိပ်ကြီးမြို့ အဝင်အထွက် ဂိတ်တွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းရရှိရေးအတွက် ဆောင်ရွက်ရမှာဖြစ်ကြောင်း သတင်းရရှိထားပြီး ဒါကြောင့် ကြာအင်းဆိပ်ကြီးမြို့ပေါ်ကို အသွားအလာဆင်ခြင်ကြဖို့ နယ်မြေခံသတင်းရင်းမြစ်ကလည်း အသိပေးထားပါတယ်။
ကရင်ပြည်နယ်က နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ပေါ်မှာလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေပြီး အထူးသဖြင့် ရပ်ဝေးဒေသကနေ မြဝတီမြို့မှာ အလုပ်လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ပိုပစ်မှတ်ထားကာ စစ်အုပ်စုက ညစဉ် ဖမ်းဆီးတာတွေ လုပ်ဆောင်နေခဲ့တာပါ။
မြဝတီမြို့ပေါ်မှာ စစ်အုပ်စုက ဖမ်းဆီးမှုတွေ အစဉ်အမြဲရှိနေခဲ့တာကြောင့် လူပျောက်ဆုံးတာတွေ မကြာခဏရှိနေပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးရမိတဲ့လူငယ်တွေဟာ မြဝတီမြို့မှာ လူဦးရေဆယ်ချီအထိရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဘားအံလမ်း၊ ကျုံဒိုး-ကျားကလေး-ဇာသပြင်လမ်းတွေနဲ့ ဘားအံမြို့အဝင် သံလွင်တံတားစစ်ဆေးရေးဂိတ်မှာလည်း စစ်အုပ်စုဘက်က ဖမ်းဆီးမှုတွေ အမြဲရှိနေခဲ့တယ်လို့ ခရီးသွားလာနေသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကရင်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ်အတွက် လူငယ်ဦးရေ ၁၀၀ ကျော်ကနေ ၂၀၀ ဝန်းကျင်အထိ စစ်သင်တန်းကို ပို့ဆောင်နေရပြီး စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေက ရှာဖွေကာ ငွေကြေးနဲ့ ဝယ်ယူနေရတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

