နေပြည်တော် ၊ စက်တင်ဘာ ၁

ချိတ်ဆက်မှုရှိတဲ့ အားလုံးပါဝင်နိုင်တဲ့ ဆန်းသစ်တီထွင်မှုကို အားပေးတဲ့ လုံခြုံစိတ်ချရပြီး ယုံကြည်စိတ်ချရတဲ့ ဒီဂျစ်တယ်ဂေဟစနစ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားဖို့ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ ဒစ်ဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးမြထွန်းဦးက ပြောပါတယ်။

ဩဂုတ် ၂၉ ရက်နေ့က နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် ၅ မှာ ကျင်းပခဲ့တဲ့ Cyber Security Awareness Video Competition – 2026 (University Level) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲမှာ ဒစ်ဂျစ်တယ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာပါ။

ဒီကနေ့ခေတ်မှာ စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့ ဒစ်ဂျစ်တယ်ဖွံဖြိုးတိုးတက်မှုဟာ သီးခြားစီ မဟုတ်တော့ဘဲ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ချိတ်ဆက်နေတဲ့ ဖွံဖြိုးတိုးတက်မှုရဲ့ အခြေခံအင်အားတွေ ဖြစ်လာတယ်လို့ ဦးမြထွန်းဦးက ဆိုပါတယ်။

ဒစ်ဂျစ်တယ် နည်းပညာကို နည်းပညာအသုံးချမှု တစ်အခုအဖြစ်သာ မမြင်ဘဲ စီးပွားရေးတိုးတက်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုကောင်းမွန်မှု လူမှုဘဝတိုးတက်မှုနဲ့ ဒေသတွင်းပူးပေါင်းမှုတွေကို အရှိန်မြှင့်ပေးနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုတစ်ရပ်အဖြစ် အသုံးချသွားဖို့ ပြောကြားခဲ့တာပါ။

ပြည်သူတစ်ဦးက ကိုယ့်နိုင်ငံအနေအထားနဲ့ ဒစ်ဂျစ်တယ်နည်းစနစ်တွေကို လက်လှမ်းမမီတဲ့နေရာတွေ အများကြီးရှိနေတာကြောင့် လောလောဆယ် အခြေအနေမှာ မအောင်မြင်နိုင်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

“ရည်ရွယ်ချက်တော့ ကောင်းပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲသွားနေတာပေ့ါနော်။ ဒါပေမယ့် ကိုယ့်နိုင်ငံအနေအထားနဲ့ဆိုရင်တော့ တချို့နေရာတွေဆို အင်တာနက်မရတဲ့ နေရာတွေရှိတယ်။ အဓိကတော့ အင်တာနက်ရမှပဲ ဖုန်းလိုင်းတွေရော ဒစ်ဂျစ်တယ်နည်းစနစ်တွေက ပိုပြီးတော့ မြန်မြန်ဆန်ဆန်ဖြစ်တဲ့ နေရာမျိုးဆိုရင်တော့ အဆင်ပြေတာပေ့ါ။ အဲဒီလိုမျိုး လက်လှမ်းမမီတဲ့နေရာမှာဆို ဒီဟာကိုတော့ လူထုတွေက အကျိုးကျေးဇူးကို ခံစားရမှာ မဟုတ်ဘူး။ ဒါပေမယ့် သေသေချာချာ စေတနာပါပါနဲ့ စနစ်တကျ လုပ်မယ် တိုင်းပြည်လည်း ငြိမ်းချမ်းမယ်ဆိုရင် ဒီစနစ်က အောင်မြင်နိုင်တယ်။လောလောဆယ်တော့ ဒီဟာက မအောင်မြင်နိုင်သေးဘူးလို့ စိတ်ထဲက ထင်တာပဲ ခင်ဗျ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ပေါင်းစုံချွတ်ခြုံကျမှုနဲ့အတူ မွဲပြာကျနေတဲ့ တိုင်းပြည်မှာ ပြည်သူတွေဟာ ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက် နေ့စဉ်နဲ့အမျှ အကျပ်အတည်းအမျိုးမျိုးကို ရင်ဆိုင်နေကြရပါတယ်။

စစ်တပ်အသွင်ပြောင်းအစိုးရက လူမှုကွန်ရက်တွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ကန့်သတ်တာ၊ အွန်လိုင်းက ဝေဖန်သူတွေကို ဖမ်းဆီးအရေးယူတာနဲ့ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေမှာလည်း မသင်္ကာတဲ့ အကောင့်တွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ ပိတ်သိမ်းမှုတွေ ဒီကနေ့အထိ ဆက်လုပ်နေတာပါ။

တစ်ဘက်မှာ အာဏာသိမ်းကာလက‌နေ လက်ရှိအချိန်အထိ CCTV ကင်မရာတွေ PSMS စနစ်နဲ့ Biometric Data တွေကို ပေါင်းစပ်ပြီး ပြည်သူတွေကို အချိန်ပြည့်စောင့်ကြည့်တာ၊ ပဋိပက္ခဒေသတွေမှာ သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ အသံအဖွဲ့ကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ကိုလည်း အာဏာသိမ်းကာလကနေ ဒီကနေ့အထိ ပိတ်ပင်ထားတဲ့အတွက် VPN လို့ခေါ်တဲ့ Virtual Private Network ဆိုတဲ့ Software ကနေ တဆင့်ခံပြီး အသုံးပြုနေကြရတာပါ။

မြန်မာအင်တာနက်ပရောဂျက်၊ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က ပြည်သူတွေကို ကျပ်တည်းအောင် ဒစ်ဂျစ်တယ်ဖိနှိပ်မှုတွေ များစွာရှိနေတဲ့ အခြေအနေမှာ ဒီလိုမျိုး ပြောဆိုမှုတွေဟာ ယုံကြည်စရာမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီဟာက မူဝါဒ‌ကောင်းတွေ ရှိရတယ်။ နောက်တစ်ခုက အခြေခံအဆောက်အအုံကောင်းတွေ တည်ဆောက်ဖို့ လိုတယ်။ ပြီးရင် အကာကွယ်ပေးမှုတွေ ရှိရတယ်။ ဆိုတော့ ဒါတွေ မရှိဘဲနဲ့ လက်ရှိမှာလည်း လူတွေရဲ့ ရှိပြီးသား စနစ်တွေကိုလည်း ဖျက်ဆီးနေတယ်၊ ဖြိုဖျက်နေတယ်။ နောက်ပြီး ဒစ်ဂျစ်တယ်ဖိနှိပ်မှုတွေ များစွာကိုလည်း လုပ်နေတဲ့ အနေအထားတွေကို ကျွန်တော်တို့က တွေ့ရတာပေါ့။ အခုဆိုရင် တရစ်ထက်တရစ် ပိုပြီးတော့ ကျပ်တည်းတဲ့ အခြေအနေရောက်အောင် တွန်းပို့နေတဲ့ဟာတွေ လုပ်နေရတယ်။ ဆိုတော့ ဒီလိုအခြေအနေမျိုးတွေကို လက်တွေ့ကျကျ မြေပြင်မှာ တွေ့နေရတဲ့ဟာကို ဒီလိုမျိုး ထုတ်ပြောတယ်ဆိုတာက ယုံကြည်စရာမရှိလို လူကြားကောင်းအောင်လို့ ပြောနေတဲ့ သဘောလို့ပဲ ကျွန်တော်တို့က မြင်မိပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုရင် အခြေခံအဆောက်အအုံ တည်ဆောက်တာ၊ မူဝါဒတွေ အ‌ကောင်အထည်ဖော်တာနဲ့ လက်တွေ့ကျင့်သုံးမှုတွေမှာ လူ့အခွင့်အရေးနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ လေးစားလိုက်နာမှုတွေနဲ့အတူ ဥပဒေကြောင်းရ အကာအကွယ်ပေးနိုင်ရတယ်လို့ သူက ထောက်ပြပါတယ်။

ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း ရတနာပုံဆိုက်ဘာစီတီးမှာ ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားပြီး ရုရုားနိုင်ငံနဲ့ ဒီဂျစ်တယ်နည်းပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.