ကျိုက်မရော၊ ဩဂုတ် ၂၉
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္ထရံမြစ်ရေ ဆက်လက်မြင့်တက်လာတာကြောင့် ကျေးရွာပေါင်း ၃၀ နီးပါး ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္ထရံမြစ်ရေ ဆက်တိုက်မြင့်တက်လာတာကြောင့် ကျိုက်မရောမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တွေအပါအဝင် အတ္ထရံမြစ်ကမ်းဘေးက ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
ရေကြီးရေလျှံမှုကြောင့် ဦးလေး၊ ငါးပြေမ၊ ပေါလောကုန်း၊ ဖာသိမ်၊ လမုခို၊ မိကရင်၊ ဘိန်းဗျာအောက်၊ ရေပူကျေးရွာအပါအဝင် ကျေးရွာပေါင်း ၃၀ နီးပါး ရေနစ်မြှုပ်နေပြီး ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီ ရရှိနေပါတယ်။
ကျိုက်မရောမြို့နယ်မှာ ရေကြီးရေလျှံနေတာကြောင့် ယာယီကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားပြီး လတ်တလောမှာ လာရောက်ခိုလှုံသူ ၁၃၀ ထက်မနည်း ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ ဒီကနေ့ သြဂုတ် ၂၉ ရက်နေ့မှာလည်း မိုးဆက်လက် ရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်လက်မြင့်တက်လာတာကြောင့် ရေးဘေးသင့်သူ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းပေါင်း ၃၀ နီးပါး ယာယီပိတ်ထားရသလို မြစ်ရေဆက်လက် မြင့်တက်လာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။
မိုးဇလရဲ့ ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ နောက်နှစ်ရက်အတွင်း မိုးထပ်ကြီးနိုင်တာကြောင့် ရေကြီးရေလျှံမှု အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

