မော်လမြိုင်၊ဩဂုတ်၂၉
မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ် ဓါးပြတိုက်ခံရမှုမှာ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ သြဂုတ် ၂၈ ရက်နေ့ မနက် ၄ နာရီအချိန်လောက်မှာ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ်ကို ပစ္စတို သေနတ် သုံးလက် ကိုင်ဆောင်ကာ မျက်နှာဖုံစွပ်ထားတဲ့ အမည်မသိ လူသုံးဦးက ဓါးပြဝင်တိုက်သွားတာပါ။
ဓါးပြဝင်တိုက်သွားတဲ့သူ သုံးဦးထဲမှာ သံသယရှိသူ တစ်ဦးကို ပေါင်မြို့နယ် လမ်းပိုင်း တစ်နေရာမှာ ဓါးပြတိုက်စဉ် အသုံးပြုခဲ့တဲ့ ကားနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ရဲတပ်ဖွဲ့ဟာ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖူးတဲ့ အလုပ်သမား တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတာတွေ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။
ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ် ဓါးပြတိုက်မှုမှာ ဓါးပြသမားတွေဟာ နေအိမ်ဘေးက ဆောက်လက်စ အဆောက်အဦးကနေ သံဗန်းတံခါး ချိုးဖျက်ပြီး နေအိမ်အတွင်း ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် နေအိမ်မှာရှိနေတဲ့ အမျိုးသမီး သုံးဦးကို လက်ပြန်ကြိုးတုပ်ပြီးနောက် မီးခံသေတ္တာအတွင်းက ရွှေ၊စိန်၊ ပလက်တီနမ်အပါအဝင် ကာလတန်းဖို ကျပ်သိန်း ငါးသောင်းကျော်ရှိတဲ့ လက်ဝတ်ရတနာတွေ ယူဆောင်သွားပါတယ်။
မော်လမြိုင်မြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ ဓါးပြတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ လုံခြုံရေးအပေါ် မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဓါးပြတိုက်မှုမှာ ပါဝင်ခဲ့သူ သုံးဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်အရေးယူထားပြီး ပိုက်စိပ်တိုက် ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

