မြဝတီ၊ ဇူလိုင် ၃၁

ကရင်ပြည်နယ် မြဝတီတောင်ဘက် ဖလူးကျေးရွာအနီးဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များနေပြီး KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့ထံ လက်နက်ချအလင်းဝင်မှုတွေ ဆက်ရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မြဝတီမြို့တောင်ဘက် လေးကေကော်မြို့ကတစ်ဆင့် မင်းလက်ပံ ဖလူးကြီး ဖလူးလေးကျေးရွာအနီးဝန်းကျင်တွေမှာ စစ်ကြောင်းထိုးရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့ ဇူလိုင်လကုန်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုတို့က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာနေပြီး စစ်လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

ဒါ့အပြင် ဖလူးဒေသအတွင်း စစ်ဆေးရေးဝင်နေတဲ့ ခမရ ၅၅၇ တပ်ရင်းက ရဲဘော် ၂ ဦးလည်း တော်လှန်ရေးအင်အားစုအဖွဲ့ထံ လက်နက် ၃ လက်နဲ့အတူ KNLA ထံ အလင်းဝင်ရောက်လာတဲ့အတွက် ဆုကြေးငွေချီးမြှင့်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ဖော်ပြပါတယ်။

မြဝတီတောင်ပိုင်းဒေသ တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်က လေကြောင်းဗုံးကြဲချမှုတွေ အပြင်းအထန်လုပ်ဆောင်နေပြီး အဲဒီဗုံးကြဲမှုကြောင့် သုံးထပ်ကွေ့ ဘုရားကုန်းက ကျောင်းထိုင်ဆရာတော် တစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသအနီးမှာရှိတဲ့ စစ်ဘေးရှောင်စခန်းက စစ်ရှောင်ပြည်သူတွေဟာ ထပ်မံတိမ်းရှောင်နေရပြီး တချို့ကတော့ လက်ရှိစစ်ရှောင်စခန်းမှာပဲ အခြေအနေကိုစောင့်ကြည့်ကာ ဆက်ပြီး နေထိုင်နေဆဲပဲလို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း မြဝတီတောင်ဘက်အနီးတဝိုက်မှာ စစ်ကြောင်းထိုးနေတဲ့  တပ်သား ၆ ဦးလည်း လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပြီး မြေပြင်ထိတွေ့မှုတိုက်ပွဲတွေမှာ စစ်တေပ်ဘက်က အရာရှိ တပ်ကြပ် တပ်သားအများအပြား ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးတာတွေ နေ့စဉ်ရှိနေတယ်လို့ ဗျူဟာအမှတ် ၃၂ ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.