ဝါရှင်တန်၊ ဇူလိုင် ၃၁
မကြာသေးခင်က ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဉာဏ်ရည်တု AI နည်းပညာသုံး ပစ္စည်း ကိရိယာတွေအပေါ် အာဏာပိုသုံးပြီး ထိန်းချုပ်ရေး မိမိတို့ အစိုးရအဖွဲ့က စဉ်းစားနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။
OpenAI ရဲ့ အမိန့် နာခံမှု မရှိတဲ့ စက်ရုပ်တွေက တခြား ကုမ္ပဏီတွေရဲ့ ပုဂ္ဂလိက နည်းပညာ စနစ်တွေထဲ မသင့်တော်တဲ့ ချိုးဖျက် ဝင်ရောက်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ထရန့်က မိမိတို့အနေနဲ့ AI နည်းပညာ ကို လေ့လာပြီး ထိန်းချုပ်ရေး လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
နောက်ထပ် AI ကို မိမိတို့ ဦးဆောင်နိုင်ရေး သေချာစေဖို့လည်း လေ့လာနေတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
အခုလို ပြောဆိုချက်တွေဟာ AI နည်းပညာနဲ့ ပတ်သက်လို့ လက်ရှောင်နေခဲ့တဲ့ ထရန့် အစိုးရ လေသံ ပြောင်းလဲလာတာ ဖြစ်ပါတယ်။
လူကြိုက်များတဲ့ AI နည်းပညာသုံး ပစ္စည်း ကိရိယာတွေရဲ့ တခြား ကွန်ပြူတာ စနစ်တွေကို ချိုးဖျက် ဝင်ရောက်နိုင်စွမ်းနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုမှုတွေ ပိုများလာနေချိန်မှာ ထရန့်က အခုလိုမျိုး ပြောဆိုတာ ဖြစ်ပါတယ်။
မိမိတို့ တရုတ်နောက် ဒုတိယနေရာမှာ ရောက်ရှိနေချိန် အဲဒီ နည်းပညာအားလုံးကို မိမိတို့ မတားမြစ်ချင်ဘူးလို့လည်း ထရန့်က ပြောပါတယ်။
တရုတ်က AI ကို အမှန်တကယ် ထိန်းချုပ်မှု မရှိဘဲ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားတယ်လို့လည်း သူက ဖြည်စွက် ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က OpenAI ရဲ့ နည်းပညာသုံး ပစ္စည်းကိရိယာတွေ ပါဝင်တဲ့ သူတို့ ထိန်းချုပ်မှု ပြင်ပမှာ တခြား ကုမ္ပဏီတွေရဲ့ AI စနစ်တွေထဲ ချိုးဖျက်ဝင်ရောက်မှု အနည်းဆုံး နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
OpenAI ရဲ့ နည်းပညာဟာ အမိန့်ပေး စေခိုင်းမှု မရှိဘဲ တခြား ကုမ္ပဏီတွေရဲ့ နည်းပညာ စနစ်တွေထဲ ချိုးဖျက် ဝင်ရောက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဖြစ်ရပ် နှစ်ခု လူသိရှင်ကြား ထွက်ပေါ်လာပေမယ့် နောက်ထက် အဲဒီလို ဖြစ်ရပ်တွေ ရှိသေးလားလို့ မေးမြန်းရာမှာ OpenAI အမှုဆောင်အရာရှိချုပ် ဆမ် အတ်တမန်က တခြားဖြစ်ရပ်တွေ ရှိနိုင်တယ်လို့ ဖြေဆိုသွားပါတယ်။
တရုတ် ကုမ္ပဏီတွေက အမေရိကန် AI ကုမ္ပဏီတွေရဲ့ နည်းပညာတွေကို ခိုးယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပေမယ့် တရုတ်က ပယ်ချထားပါတယ်။
တရုတ်မှာ ဖန်တီး တီထွင်ထားတဲ့ AI နည်းပညာ မော်ဒယ် အများစုဟာ အားလုံး ဖွင့်ပေးထားတာကြောင့် အွန်လိုင်းမှာ ဘယ်သူမဆို အခမဲ့ ဒေါင်းလုပ်ဆွဲပြီး အသုံးပြုနိုင်တဲ့ သဘော ဖြစ်ပါတယ်။
Ref:BBC

