မယ်ဆိုင်၊ ဇူလိုင် ၃၁
ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသရှိ ဆိုင်မြစ်အနီး နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ မြစ်ရေ မျက်နှာပြင်ကို အနီးကပ် စောင့်ကြည့်ကြဖို့ မိုးရွာသွန်းမှုကြောင့် မြစ်ရေလျှံမှုများ ဖြစ်လာနိုင်တဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်း ဖြစ်နေသူတွေကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းရေး အာဏာပိုင်တွေ အသိပေးတာကို စောင့်နေကြဖို့ အကြံပေးထားပါတယ်။
မယ်ဆိုင် စည်ပင်သာယာရေးရုံးက ဆိုင်မြစ်ဘေးမှာ တည်ရှိတဲ့ ဆိုင်လွမ်ဂျွိုင်း ဒေသအပါအဝင် အဓိက နေရာ ၄ ခု စိုးရိမ်ရတယ်လို့ ပြောထားပါတယ်။
ဆိုင်မြစ်ရဲ့ ရေမျက်နှာပြင် မြင့်တက်လာနေပြီး မြစ်ကမ်းပါး ကျိုးပေါက်နိုင်တာကြောင့် အဲဒီ ဒေသ ရေလွှမ်းသွားနိုင်တယ်လို့ အရာရှိတွေက သတိပေးပါတယ်။
ရေကြီးရေလျှံမှု ဖြစ်နိုင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ လူနာတွေကို ဘေးကင်းရာ ရွှေ့ပြောင်းဖို့ အရင်ဦးဆုံး ကြိုတင် ပြင်ဆင်ထားသင့်ပြီး အာဏာပိုင်တွေက ဘေးကင်းရာ ရွှေ့ပြောင်းဖို့ ကြေညာတာနဲ့ ပြောင်းရွှေ့နိုင်အောင် အသင့်ပြင်ထားကြဖို့ အဲဒီရုံးက အကြံပြုပါတယ်။
သဘာဝဘေး ကြိုတင် ကာကွယ်ရေးနဲ့ အန္တရာယ်လျှော့ချရေးဌာနက အဲဒီ ဒေသတွင်း မြစ်ရေ မျက်နှာပြင် မြင့်တက်လာမှုနဲ့ ပတ်သက်လို့ မိုဘိုင်းဖုန်းတွေက တဆင့် မက်ဆေ့ချ်တွေ ပို့ပြီး သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။
မယ်ဆိုင် ဒေသမြို့ရှိ မြစ်ကမ်းဘေး တည်နေရာတွေဟာ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုခံရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
မြစ်ရေစီးကို တားဆီးဖို့ မြစ်ထဲမှာ အဆောက်အအုံ ဆောက်လုပ်မှု နည်းပါးမှု အပေါ် အရာရှိတွေက အပြစ်တင်ထားကြပါတယ်။
မယ်ဆိုင် ဒေသဟာ ထိုင်းနဲ့ မြန်မာကြား ဆိုင်မြစ်နဲ့ ခြားထားတဲ့ ကုန်သွယ်ရေး ဒေသ ဖြစ်ပါတယ်။
အပြင်းထန်ဆုံး မုန်တိုင်းတွေနဲ့ ကြုံတွေ့ရနိုင်တဲ့ ဒေသတွေထဲမှာ ချင်းရိုင်လည်း ပါဝင်နေတယ်လို့ ထိုင်းမိုးလေဝသဌာနက ဇူလိုင် ၃၁ ရက်က ကြေညာထားပါတယ်။
မယ်ဆွာအီနဲ့ မြစ်ရေ မြင့်တက်လာနေတဲ့ လာအိုမြစ်ကြောင့် ထိခိုက်နိုင်တဲ့ ဒေသတွေ အပါအဝင် ချင်းရိုင်ရှိ တခြား ဒေသတွေလည်း ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ချင်းရိုင် ပြည်သူ့ဆက်ဆံရေးရုံးက ကြေညာပါတယ်။
လာအိုမြစ်က မြစ်ရေဟာ ခို့မြစ်ထဲကို စီးဝင်မှာ ဖြစ်တာကြောင့် အဲဒီ မြစ် ဖြတ်သန်း စီးဆင်းရာ မူအန်းဒေသလည်း ထိခိုက်နိုင်တယ်လို့ အရာရှိတွေက သတိပေးထားပါတယ်။
Ref:Bangkokpost

