တိုကျို အောက်တိုဘာ ၁
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၂၀ မြောက် Asian Games Aichi-Nagoya 2026 ရဲ့ Esports အားကစားနည်း Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဇနက အသင်းဟာ ချန်ပီယံဖြစ်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ Aichi Sky Hall မှာ ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံးဖိုင်နယ်မှာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၇ ပွဲမှာ ၄ ပွဲအရင်နိုင်တဲ့သူက အနိုင်ရတဲ့ စနစ်နဲ့ ယှဉ်ပြိုင်ရာမှာ ပွဲစဉ်ရမှတ် ၄-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့တာပါ။
အင်ဒိုနီးရှားဘက်က ကစားသမား ဆာယူကီကလည်း ပွဲအပြီးမှာ သူတို့အသင်းအနေနဲ့ ဖိအားကြောင့် ရှုံးနိမ့်ခဲ့တာမဟုတ်ဘဲ ကိုယ့်အသင်းရဲ့ ကစားပုံအတိုင်း မကစားနိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းဟာ ရွှေတံဆိပ်ကို လက်လွှတ်ခဲ့ရပြီး ငွေတံဆိပ်နဲ့ ကျေနပ်ခဲ့ရပါတယ်။
မြန်မာအသင်းဟာ ဖိုင်နယ် မတိုင်ခင် ဆီမီးဖိုင်နယ်မှာ မလေးရှားအသင်းကိုလည်း ၂-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် မလေးရှားက MLBB ပြိုင်ပွဲမှာ ကြေးတံဆိပ်ရရှိခဲ့ပါတယ်။
မြန်မာ MLBB အသင်းရဲ့ ဒီအောင်မြင်မှုက ပိုပြီးထူးခြားစေတာကတော့ Mobile Legends: Bang Bang ကို အာရှအားကစားပြိုင်ပွဲရဲ့ တရားဝင်ဆုတံဆိပ်ပေးတဲ့ အားကစားနည်းအဖြစ် ဒီနှစ်မှာ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအသင်းဟာ အာရှအားကစားပြိုင်ပွဲရဲ့ MLBB သမိုင်းမှာ ပထမဆုံး ရွှေတံဆိပ်ချန်ပီယံ အဖြစ် မှတ်တမ်းဝင်သွားတာလည်း ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဇွန် ၁၈ ရက်ကနေ ၂၁ ရက်အထိ စင်ကာပူမှာ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲ ဒေသတွင်း လက်ရည်စစ်ပွဲကို အရင်ဖြတ်သန်းခဲ့ရပြီး မြန်မာဟာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့နဲ့အတူ အရှေ့တောင်အာရှဒေသကနေ အဓိကပွဲကြီး ဝင်ခွင့်ရခဲ့တဲ့ ငါးနိုင်ငံထဲ ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီနှစ် အာရှအားကစားပြိုင်ပွဲ Esports ပြိုင်ပွဲမှာလည်း MLBB တစ်မျိုးတည်း မဟုတ်ဘဲ Honor of Kings၊ PUBG Mobile၊ eFootball Mobile နဲ့ eFootball Console အပါအဝင် ကစားနည်း ၅ မျိုးစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ Esports အတွက် သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ မြန်မာ Esports အဖွဲ့ချုပ်ဘက်က ပြိုင်ပွဲမတိုင်ခင် ဖော်ပြထားပါတယ်။
Ref:antaranews

