ဘန်ကောက် အောက်တိုဘာ ၂
ထိုင်းနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုတွေ ပြန်လည်များပြားလာနိုင်တာကြောင့် ရေကြီးရေလျှံနေတဲ့ ဒေသတွေက ရေတွေကို ထိုင်းပင်လယ်ကွေ့ဘက် အမြန်ဆုံးစီးဆင်းသွားနိုင်အောင် အာဏာပိုင်တွေက ရေထုတ်စနစ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
ဒီအခြေအနေကြောင့် ကျောက်ဖရားဆည် ရဲ့ ရေလွှတ်နှုန်းကိုလည်း တစ်စက္ကန့်ကို ရေ ၂,၅၀၀ ကုဗမီတာအထိ တိုးမြှင့်လိုက်ပါတယ်။
ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး အတွင်းရေးမှူးချုပ် ချာယန့် မူအန်ဆွမ်က လက်ရှိ မိုးရွာသွန်းမှု ခေတ္တလျော့နည်းနေတဲ့အချိန်ကို အသုံးချပြီး ရေကြီးနေတဲ့ဒေသတွေက ရေတွေကို အမြန်ဆုံး ထုတ်ပစ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ အထက်ပိုင်းက ဆည်တွေမှာ ရေကို တတ်နိုင်သမျှ ထိန်းထားပြီး ဆည်မြောင်းစနစ်တွေနဲ့ ရေထိန်းဧရိယာတွေဆီ ရေလမ်းလွှဲပေးခြင်းအားဖြင့် မြစ်အောက်ပိုင်းဒေသတွေအပေါ် ရေကြီးမှုသက်ရောက်ချက် လျော့နည်းစေဖို့ လုပ်ဆောင်နေပါတယ်။
ထိုင်းမိုးလေဝသဌာနရဲ့အချက်အလက်တွေအရ အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်အတွင်း တရုတ်နိုင်ငံဘက်က အေးမြတဲ့လေထု ထုထည်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းအထက်ပိုင်းကို ဝင်ရောက်လာနိုင်ပြီး မိုးရွာသွန်းမှုတွေ ပြန်လည်များပြားလာနိုင်တယ်လို့ သိရပါတယ်။
မိုးဟာ အရှေ့မြောက်ပိုင်းကနေ စတင်ရွာသွန်းပြီး နောက်ပိုင်းမှာ အနောက်ဘက်ကို ရွေ့လျားကာ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေအထိ မိုးရွာနိုင်ပြီး နေရာတချို့မှာ မိုးသည်းထန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တော်ဝင်ရေပေးဝေရေးဌာနကလည်း ရေတွေကို အရှေ့ဘက်နဲ့ အနောက်ဘက် ဆည်မြောင်းစနစ်တွေဆီ အမြန်ဆုံး လမ်းလွှဲပေးနေသလို သီးနှံရိတ်သိမ်းပြီးသား လယ်ယာမြေတချို့ကိုလည်း ယာယီရေထိန်းဧရိယာတွေအဖြစ် အသုံးပြုနေပါတယ်။
ဒါပေမဲ့ အခုလို ရေလမ်းလွှဲပေးမှုတွေကြောင့် သချင်မြစ်ရဲ့ နေရာ တချို့မှာ မြစ်ရေ လျှံတက်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးထားပါတယ်။
ဒုတိယဝန်ကြီးချုပ် ဆုန်ဆက် ထုန်စရီကတော့ အခြေအနေကို ၆ နာရီခြားတစ်ကြိမ် ပြန်လည်သုံးသပ်နေပြီး ရေကာတာအပြင်ဘက် မြေနိမ့်ဒေသတွေမှာ နေထိုင်သူတွေအတွက် လိုအပ်လာပါက ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
Pathum Thani နဲ့ ဘန်ကောက်မှာ တင်ကျန်နေတဲ့ ရေတွေကို ပိုမြန်မြန်လျော့ကျစေဖို့ ရေစုပ်စက်တွေ ထပ်တိုးချထားနိုင်ရေး စဉ်းစားဖို့လည်း တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။ တချိန်တည်းမှာ လာမယ့် ၂ ရက်ကနေ ၃ ရက်အတွင်း အထက်ပိုင်းက စီးဆင်းလာမယ့် ရေပမာဏကိုလည်း အနီးကပ်စောင့်ကြည့်နေပါတယ်။
တစ်ဖက်မှာလည်း အောက်တိုဘာလအစပိုင်း ပင်လယ်ရေတက်ချိန် မြင့်မားနိုင်တဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်နေပြီး ပင်လယ်ရေမြင့်တက်နေချိန်မှာ မြစ်ရေတွေ ပင်လယ်ထဲ စီးဆင်းနိုင်မှု နှေးကွေးသွားနိုင်တာကြောင့် မိုးထပ်များလာပါက ရေကြီးရေလျှံမှုအန္တရာယ်ကို ဆက်လက်သတိထားဖို့ လိုအပ်နေပါတယ်။
Ref:nationthailand

