ဝါရှင်တန်၊ အောက်တိုဘာ ၂
အစ္စရေးသို့ ပျံသန်းလာတဲ့ Flydubai လေကြောင်းလိုင်း လေယာဉ်ပေါ်မှာ လေယာဉ်မှူး တစ်ဦးက တိုက်ခိုက်မှုအတွင်း အီရန် ပါဝင်ဖွယ်ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပြီး တကယ်လို့ ပါဝင်ခဲ့မယ်ဆိုရင် အလွန် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။
တွဲဖက် လေယာဉ်မှူးက ဦးဆောင် လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး တိုက်ခိုက်မှုကြောင့် ခရီးသည်တွေက လေယာဉ် မပျက်ကျရအောင် တိုက်ခိုက်သူကို ထိန်းချုပ်ပြီး ကာကွယ်ခဲ့ရပါတယ်။
တိုက်ခိုက်တဲ့ တွဲဖက် လေယာဉ်မှူးဟာ လူမျိုးရေး အစွန်းရောက် ဇာတ်သွင်းခံထားရသူ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောထားပါတယ်။
ဒူဘိုင်းကနေ တယ်အယ်လ်ဗစ်မြို့သို့ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ တိုက်ခိုက်မှု အတွင်း အီရန် ပါဝင်ပတ်သက်မှု ရှိသလားလို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေက မေးကြားရာမှာ ထရန့်က လောလောဆယ် လေ့လာနေဆဲ ဖြစ်ကြောင်း ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း အီရန် ပါဝင်ပတ်သက်နေရင် အမေရိကန်က လက်တုံ့ပြန်မှာလားလို့ သတင်းထောက်တွေက မေးမြန်းချိန်မှာ ထရန့်က မစိုးရိမ်ကြဖို့နဲ့ အရမ်း ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
ရပ်တန့်ထားတဲ့ အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတက ပြင်းထန်တဲ့ စကားလုံးတွေ သုံးနှုန်းနေချိန်မှာ လက်တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လာမယ့်လ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ ပြီးတဲ့နောက် အီရန်ကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြန်လည် စတင်ဖွယ်ရှိကြောင်း ထရန့်က တိုင်းမ် မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောထားပါတယ်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ လွှတ်တော်ကို ထိန်းချုပ်ထားနိုင်မှု ဆုံးရှုံးမှာကို ရီပက်ဘလေကန်တွေ စိုးရိမ်နေပြီး အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ ထရန့်အပေါ် လူထု ထောက်ခံမှုကလည်း စံချိန်တင်နီးပါး လျော့ကျနေပါတယ်။
အမေရိကန်မှာ လောင်စာဈေး မြင့်တက်မှုကြောင့် စားဝတ်နေရေးစရိတ် မြင့်တက်နေပြီး ပြည်သူလူထုက အစိုးရအပေါ် မကျေနပ်ချက်တွေ ပိုမို မြင့်မားလာနေပါတယ်။
ထရန့်က ပြီးခဲ့တဲ့ သီတင်းပတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ မိန့်ခွန်း ပြောကြားရာမှာလည်း အီရန်ကို အမြစ်ဖြတ် ချေမှုန်းပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ ပါတယ်။
သူက အရင်ကတော့ သူ့ကိုယ်သူ ငြိမ်းချမ်းရေး သမ္မတ ဖြစ်တယ်လို့ ပြောဆိုထား ခဲ့တာ ဖြစ်ပါတယ်။
အီရန်ကို အမြစ်ဖြတ် ချေမှုန်းပစ်လိုက်ရင် ကမ္ဘာမှာ မိမိတို့ ငြိမ်းချမ်းရေး ဖန်တီး နိုင်မှာ ဖြစ်တာကြောင့် အီရန်ကို အမြစ်ဖြတ် ချေမှုန်းပစ်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ထရန့်က ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်တာခံရပြီး နောက်ပိုင်း အီရန်က ကမ္ဘာ့ လောင်စာ ဈေးကွက်အတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားတာ ၇ လ ကျော်ကြာပြီ ဖြစ်ပါတယ်။
အီရန်ကို တိုက်ခိုက်ရတာက သူတို့အနေနဲ့ နျူကလီးယား လက်နက် မထုတ်လုပ် နိုင်ရေးအတွက် ဖြစ်တယ်လို့ ထရန့်က ပြောထားပါတယ်။
Ref:AFP

