ဆိုးလ် အောက်တိုဘာ ၂
ယူကရိန်းမှာ ဖမ်းဆီးရမိခဲ့တဲ့ မြောက်ကိုရီးယား စစ်သုံ့ပန်းနှစ်ဦးကို တောင်ကိုရီးယားဆီ လွှဲပြောင်းပေးခဲ့တဲ့ကိစ္စ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းနဲ့တောင်ကိုရီးယားတို့ကြား သံတမန်ရေးတင်းမာမှု မြင့်တက်လာနေပါတယ်။
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ယူကရိန်းဘက်က ဖြစ်ရပ်မှန်ကို အသိအမှတ်ပြုပြီး လူသိရှင်ကြား တောင်းပန်ခြင်းမရှိရင် နောက်ထပ်အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ အောက်တိုဘာ ၂ ရက်မှာ သတိပေးလိုက်ပါတယ်။
ဘယ်လိုအရေးယူမှုတွေ လုပ်ဆောင်မလဲဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒီအငြင်းပွားမှုဟာ ယူကရိန်းသမ္မတ ဗလိုဒီမာ ဇီလန်စကီးက ပြီးခဲ့တဲ့အပတ် ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းမှာ ရုရှားဘက်ကနေ စစ်တိုက်ပေးနေချိန် ယူကရိန်းတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ မြောက်ကိုရီးယားစစ်သားနှစ်ဦးကို တောင်ကိုရီးယားဆီ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ရာက စတင်ခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ်အစိုးရဘက်ကတော့ ဒီလွှဲပြောင်းမှုကို လျှို့ဝှက်ထားဖို့ နှစ်နိုင်ငံကြား သဘောတူထားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို လျှို့ဝှက်ထားဖို့ လိုအပ်ရတဲ့အကြောင်းရင်းတွေထဲမှာ မြောက်ကိုရီးယားမှာ ကျန်ရှိနေတဲ့ စစ်သားနှစ်ဦးရဲ့ မိသားစုဝင်တွေအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေလည်း ပါဝင်တယ်လို့ တောင်ကိုရီးယားဘက်က ရှင်းလင်းထားပါတယ်။
ယူကရိန်းဘက်ကတော့ အခုလို လျှို့ဝှက်ထားရမယ်ဆိုတဲ့ သဘောတူညီချက်ရှိခဲ့တာကို ငြင်းဆိုထားတာကြောင့် နှစ်နိုင်ငံကြား အငြင်းပွားမှု ပိုမိုပြင်းထန်လာခဲ့ပါတယ်။
တောင်ကိုရီးယားဘက်က လျှို့ဝှက်သဘောတူညီချက်ရှိကြောင်း ပြောဆိုထားသလို အောက်တိုဘာ ၂ ရက် နောက်ဆုံးသတင်းတွေအရ အဲဒီအတွက် စာရွက်စာတမ်း အထောက်အထားရှိတယ်လို့လည်း ဆိုးလ်ဘက်က ပြောဆိုထားပါတယ်။
တဖက်မှာတော့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆိုက်ဘီဟာက ဒီဖြစ်ရပ်ကို သံတမန်ရေးဆိုင်ရာ နားလည်မှုလွဲမှားမှုအဖြစ် ဖော်ပြခဲ့ပြီး အခြေအနေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေကြောင်း၊ တောင်ကိုရီးယားဟာ ယူကရိန်းအတွက် အရေးပါတဲ့နိုင်ငံဖြစ်ကြောင်း ပြောထားပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယား သမ္မတ လီ ကတော့ ဒီအငြင်းပွားမှုဟာ သာမန်နားလည်မှုလွဲမှားခြင်းထက် ပိုမိုအရေးကြီးပြီး တောင်ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား စစ်ရေးပဋိပက္ခ ဖြစ်လာနိုင်တယ်ဆိုတဲ့ ယူကရိန်းဘက်က ပြောဆိုချက်တွေအပေါ်လည်း သမ္မတ လီက ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ခဲ့ပြီး အခုအချိန်မှာ လိုအပ်တာဟာ သဘောတူညီချက်ရှိခဲ့တာကို အသိအမှတ်ပြုပြီး တောင်းပန်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အခုဖြစ်ရပ်ထဲက မြောက်ကိုရီးယားစစ်သားနှစ်ဦးဟာ ရုရှားဘက်ကနေ ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ပေးနေစဉ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ယူကရိန်းတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသူတွေ ဖြစ်ပြီး နောက်ပိုင်းမှာ တောင်ကိုရီးယားကို သွားရောက်လိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ခဲ့ချိန်ကတည်းက တောင်ကိုရီးယားဟာ ယူကရိန်းကို လူသားချင်းစာနာထောက်ထားရေးနဲ့ လူကိုသေစေနိုင်ခြင်းမရှိတဲ့အကူအညီတွေ ပေးအပ်ခဲ့ပေမယ့် စစ်ဖြစ်နေတဲ့ နိုင်ငံကို သေစေနိုင်တဲ့ လက်နက်တွေ တိုက်ရိုက်မပေးရေး မူဝါဒကို ဆက်လက်ကျင့်သုံးထားပါတယ်။
Ref:BBC

