ဒါကာ အောက်တိုဘာ ၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုအများဆုံးလဖြစ်ခဲ့တဲ့ စက်တင်ဘာလကို ဖြတ်သန်းပြီးနောက် အောက်တိုဘာလအတွင်း ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
မကြာသေးခင်က မိုးရွာသွန်းမှုတွေနဲ့ ရာသီဥတုပုံစံ ပြောင်းလဲလာမှုတွေဟာ သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ အေးဒိစ်ခြင်တွေ ပေါက်ဖွားမှုအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်တာကြောင့် အောက်တိုဘာလအထိ ကူးစက်မှုတွေ ဆက်လက်မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။
ဂျာဟန်ဂရင်နာဂါ တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ ပိုးမွှားဗေဒပညာရှင် ကာဘီရူ ဘာရှာက သူတို့ရဲ့ ခန့်မှန်းမှုပုံစံအရ အောက်တိုဘာလမှာ သွေးလွန်တုပ်ကွေးအခြေအနေ ဒီထက်ပိုမိုဆိုးရွားလာနိုင်တယ် လို့ သတိပေးထားပါတယ်။
စက်တင်ဘာလအတွင်း ရွာသွန်းခဲ့တဲ့ မိုးတွေဟာ အောက်တိုဘာလနဲ့ နောက်ပိုင်းကာလအထိ ရောဂါကူးစက်မှုအပေါ် သက်ရောက်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလကစပြီး လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးကြောင့် အနည်းဆုံး ၂၄၅ ဦး သေဆုံးခဲ့ပြီး လူနာ ၇၉,၆၂၀ ဦး ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။
သေဆုံးမှုဟာ ဇူလိုင်လမှာ ၃၆ ဦး၊ ဩဂုတ်လမှာ ၄၃ ဦးရှိခဲ့ရာကနေစက်တင်ဘာလတစ်လတည်းမှာ ၁၄၈ ဦးအထိ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက် တစ်ရက်တည်းမှာ သွေးလွန်တုပ်ကွေးကြောင့် ၆ ဦး ထပ်မံသေဆုံးခဲ့ပြီး လူနာသစ် ၁,၉၄၈ ဦး ဆေးရုံတင်ခဲ့ရပါတယ်။ နိုင်ငံတစ်ဝန်း ဆေးရုံတွေမှာ လူနာ ၅,၄၈၅ ဦး ကုသမှုခံယူနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ အေဒီးစ် ခြင်ဟာ မြို့ကြီးတွေမှာသာမက တခြားဒေသတွေအထိ ပျံ့နှံ့လာတာကြောင့် သွေးလွန်တုပ်ကွေးဟာ တစ်နိုင်ငံလုံး ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပြီလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ခြင်သတ်ဆေးမှုတ်တာတစ်ခုတည်းနဲ့ ရောဂါကို ထိန်းချုပ်နိုင်မှာမဟုတ်ဘဲ ခြင်ဥပေါက်ပွားနိုင်တဲ့ ရေတင်ကျန်နေရာတွေကို ဖယ်ရှားဖို့နဲ့ အိမ်ထောင်စုအဆင့်ကစပြီး ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။
Ref:Reuters

