တိုကျို၊ အောက်တိုဘာ ၁
လူဝင်မှု ကြီးကြပ်ရေး တင်းကြပ်ဖို့ ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အမြဲတမ်း နေထိုင်ခွင့် ရရှိလိုတဲ့ နိုင်ငံခြားသားတွေအတွက် လိုအပ်ချက်ကို ဂျပန် အစိုးရက အောက်တိုဘာ ၁ ရက်မှာ တင်းကြပ်လိုက်ပါတယ်။
အဆင့်လိုက် အသက်ဝင်လာမယ့် စည်းကမ်း ဥပဒေသစ်တွေအရ ဂျပန်မှာ အမြဲတမ်း နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့ သူတို့ရဲ့ နှစ်စဉ် ဝင်ငွေ ပမာဏ ပျမ်းမျှအထက် ရှိကြောင်း သက်သေ ပြရမှာ ဖြစ်ပြီး ဂျပန် ဘာသာစကားကို ထမင်းစားရေသောက် ပြောတတ်ဆိုတတ် ရှိရမှာ ဖြစ်ပါတယ်။
လျှောက်ထားတဲ့ အဖိုးအခဟာလည်း အောက်တိုဘာ ၁ ရက် စပြီး အဆ ၂၀ မြင့်တက်မှာ ဖြစ်ပါတယ်။
အေအက်ဖ်ပီ သတင်းဌာနက အခု သီတင်းပတ်အတွင်း သွားရောက်ခဲ့တဲ့ တိုကျိုမြို့လယ်ခေါင်က လူဝင်မှု ကြီးကြပ်ရေးရုံး တစ်ရုံးမှာ ဈေးနှုန်းတွေ မမြင့်တက်ခင် လျှောက်ထားဖို့ ကြိုးပမ်းနေသူ ရာပေါင်းများစွာ တန်းစီ စောင့်ဆိုင်းနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသားတွေ အများကြီး လက်ခံရင် ဂျပန်ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုကို အားလျော့သွားနိုင်တယ်ဆိုတာ မိမိအနေနဲ့ နားလည်ပေမယ့် တချိန်တည်းမှာပဲ ဂျပန်နိုင်ငံမှာ ကလေးမွေးနှုန်း လျော့ကျနေပြီး သက်ကြီးရွယ်အို အရေအတွက် ပိုများလာတာကြောင့် ဂျပန်အနေနဲ့ နိုင်ငံခြားသားတွေကို လက်ခံရမှာ ဖြစ်ကြောင်း လျှောက်လွှာတင်ဖို့ တန်းစီ စောင့်ဆိုင်းနေသူတွေထဲက တစ်ယောက် ဖြစ်တဲ့ အမေရိကန်ဖွား တက္ကသိုလ် ကျောင်းသား ယူဂျီ ချိုနိုက ပြောပါတယ်။
အဲဒီ အသက် ၂၂ နှစ်အရွယ် အမေရိကန်ဖွား တက္ကသိုလ် ကျောင်းသားက သူ့ရဲ့ စာရွက်စာတမ်းတွေကို တင်ပြဖို့ ငါးနာရီ စောင့်ခဲ့ရတယ်လို့ ဂျပန် ဘာသာစကား ကျွမ်းကျင်စွာနဲ့ ပြောဆိုပါတယ်။
အရင်က လမ်းညွှန်ချက်တွေမှာ ဝင်ငွေ ပမာဏ၊ ပင်စင်လစာနဲ့ ဘာသာစကား အရည်အချင်းတွေကို သတ်မှတ်ထားတာ မရှိခဲ့ပါဘူး။
ဂျပန်မှာ သက်ကြီးရွယ်အို အရေအတွက် အလျင်အမြန် တိုးပွားလာနေပြီး ကဏ္ဍများစွာမှာ လုပ်သားအင်အား ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပေမယ့် ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး သဘောထားတွေ ပိုများလာနေပြီး နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ ဒါဟာ ဝန်ကြီးချုပ် တာကာအိချီရဲ့ ပိုမိုတင်းကြပ်တဲ့ စည်းကမ်း ဥပဒေပြဌာန်းရေး ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘောထား ဖြစ်ပါတယ်။
ဂျပန်မှာ နိုင်ငံခြားသား နေထိုင်သူ အရေအတွက် ပိုများလာနေချိန် နိုင်ငံသား တချို့မှာ စိုးရိမ်မှု ပိုများလာနေပြီး မမျှတဘူးဆိုတဲ့ ခံစားချက်တွေ ရှိနေတယ်ဆိုတဲ့ အခြေအနေနဲ့ အစိုးရ ရင်ဆိုင်နေရကြောင်း တာကာအိချီက လူမှုမီဒီယာမှာ ရေးပါတယ်။
နိုင်ငံခြားသားတွေနဲ့ အစီအစဉ်တကျ အတူယှဉ်တွဲ နေထိုင်ရေးအတွက်လည်း သူက တိုက်တွန်းထားပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး သဘောထားတွေ လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့နေပြီး သတင်းအမှားတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ဂျပန်မှာ လူမှုဖူလုံရေး ထောက်ပံ့မှုတွေ နိုင်ငံခြားသားတွေ ရရှိနေပြီး နိုင်ငံရဲ့ လမ်းမတွေ ဘေးကင်း လုံခြုံမှု ပိုနည်းလာတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း လူမှုမီဒီယာပေးမှာ ပျံ့နှံ့နေပါတယ်။
Ref:AFP

