ဖာပွန်၊ အောက်တိုဘာ ၂

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်း-ဖာပွန်သွားလမ်းပိုင်းရှိ ဆင်စွယ်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေက စက်တင်ဘာလကုန်ပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်စစ်ကြောင်းတွေဟာ အခုနှစ် မေလ ၅ ရက်နေ့ကစလို့ စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့ရာ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ဆင်စွယ်ကျေးရွာအထိ ထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ကမမောင်းကနေ ဆင်စွယ်ကျေးရွာအထိ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုထားပေမယ့်လည်း လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ စစ်တပ်စစ်ကြောင်းတွေကို KNU တပ်မဟာ ၅ တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေခဲ့ရာ စစ်တပ်ဘက်မှာ အထိနာနေတယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။

မေလကနေ စက်တင်ဘာလအထိ ကမမောင်း-ဖာပွန် ကားလမ်းမကြီးတစ်လျှောက်မှာ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ အများအပြားဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အရာရှိအဆင့်တွေအပါအဝင် ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရှိကာ ထွက်ပြေးသွားသူဦးရေ ဆယ်ချီ ရှိတယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်ထံမှ လက်နက်ခဲယမ်းတွေ မကြာခဏသိမ်းဆည်းရရှိနေပြီး လက်ရှိအချိန်မှာ စစ်တပ်က ဖာပွန်မြို့ကို စစ်ကူပေးနိုင်ရေးအတွက် စစ်ကြောင်းထိုးမှုတွေကို အဆက်မပြတ်လုပ်ဆောင်လျက်ရှိတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားလျက်ရှိနေတာပါ။

ဖာပွန်ခရိုင် ကမမောင်း-ဖာပွန် ကားလမ်းမကြီးတစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အင်အားရာချီ သေဆုံးထိခိုက်ဒဏ်ရာနေတာကြောင့် စစ်တပ်က ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.