မော်လမြိုင် ၊ အောက်တိုဘာ ၂

မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့နေ့ကို အကြောင်းပြပြီး စစ်တပ် အသွင်ပြောင်း အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက စတိုးဆိုင်တွေမှာ ငွေကြေးနဲ့ အရက်၊ ဘီယာတွေ လိုက်လံ တောင်းခံခဲ့တယ်လို့ စတိုးဆိုင်ပိုင်ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အတွက်ဆိုကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စတိုးဆိုင်တွေမှာ ငွေကြေးနဲ့ အရက်၊ ဘီယာတွေ တောင်းခံခဲ့တာပါ။

ငွေကြေးတောင်းခံရာမှာတော့ အနည်းဆုံး ကျပ် ငါးသောင်းကနေ သိန်းဂဏန်းထိ တောင်းခံတာ ရှိသလို အရက်၊ ဘီယာ တွေကိုလည်း အနည်းဆုံး တစ်ဖာမှ ဆိုင်အရွယ်အစားပေါ် မူတည်ကာ နှစ်ဖာ၊ သုံးဖာအထိ တောင်းခံတာတွေ ရှိပါတယ်။

စတိုးဆိုင် ပိုင်ရှင် တစ်ဦးကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲတပ်ဖွဲ့နေ့ကို အကြောင်းပြကာ အလှူခံတဲ့ ပုံစံ တောင်းခံတာ ဖြစ်ပြီး သူတို့ တောင်းတာ မပေးပါက ပြဿနာ ရှာခံရမှာ ဆိုးတဲ့အတွက် ဆိုင်တိုင်း ပေးရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နယ်ထိန်းတို့ သတင်းရဲတို့က ရဲတပ်ဖွဲ့နေ့ ရှိတယ်ဆိုပြီး အလှူခံတဲ့ ပုံစံမျိုး ပိုက်ဆံ တောင်းတယ်။အရက်၊ ဘီယာတို့ ကတော့ ညဘက် ညစာစားပွဲ အတွက်ဆိုပြီး တောင်းတာပေါ့။ စတိုးဆိုင် အများစုက ရိုးရိုး အရောင်း လိုင်စင်ပဲ ရှိကြတယ်လေ။ရိုးရိုး လိုင်စင်မှာ ဘီယာ ရောင်းခွင့် မရှိတော့ သူတို့က အဲတာကို နင်းတဲ့ သဘောပေါ့။သူတို့ကို မပေးရင် ပြဿနာ ရှာမှာလေ။ ပြဿနာ ရှာမခံချင်တော့ သူတို့ တောင်းတော့လည်း ဆိုင်တိုင်းက ပေးရတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ငွေကြေးနဲ့ အရက်၊ ဘီယာတွေကို လစဉ် လိုင်းကြေး ပုံစံ တောင်းခံတာ ရှိပေမယ့် လက်ရှိ ရဲတပ်ဖွဲ့နေ့ကို အကြောင်းပြကာ ပိုမို တောင်းခံတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

၆၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုရဲ့ လေးစား ယုံကြည်မှု ပိုမိုရရှိဖို့အတွက် အဂတိတရား ကင်းရှင်းရမှာ ဖြစ်တယ်လို့ စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူလူထုနဲ့ ပြောဆို ဆက်ဆံရာမှာ ယဉ်ကျေးပျူငှာစွာ ပြောဆို ဆက်ဆံဖို့၊ ပြစ်မှုတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း ဒေသခံ ပြည်သူတွေနဲ့ ပေါင်းစပ်ပြီး ပြည်သူလူထု ပါဝင်တဲ့ ရဲလုပ်ငန်း စနစ်ကို အလေးထား ဆောင်ရွက်ဖို့ပါ ညွှန်ကြားခဲ့ပါတယ်။

မြေပြင် အခြေအနေမှာတော့ စစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားမဝင် လောင်းကစားနဲ့ တခြား တရားမဝင် လုပ်ငန်းတွေကို လိုင်းကြေးယူကာ ဖွင့်ခွင့်ပြုတာ၊ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်း ရောင်းစားတာတွေအပြင် ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ငွေညှစ်တာတွေကအစ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.