နေပြည်တော် ၊ အောက်တိုဘာ ၂

စစ်အစိုးရကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပြန်လည်ပါဝင်လာစေရေး ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာကနေ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ နဲ့ ၃၀ ရက်တို့မှာ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့ ရန်ကုန်မှာရှိတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကိုမှာ NSPNC ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ငြိမ်းချမ်းရေးကောင်စီ KNU/KNLA ၊ မွန်ပြည်သစ်ပါတီ (NMSP) လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ အပစ်ရပ်ထိုးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။

နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းမှုတွေထဲက သ‌ဘောထားစုစည်းချက်တွေအဖြစ် NCA အနှစ်သာရကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ခြင်းကို တိုးမြှင့်နိုင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးကော်မတီတွေ ဖွဲ့စည်းမှု၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေမှာ လူထုအခြေပြုဆွေးနွေးပွဲတွေ၊ဖိုရမ်တွေ ကျင်းပပြုလုပ်ရာမှာ သက်ဆိုင်ရာ အပစ်ရပ်ထိုး EAO တွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

တစ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြန်လည် ပါဝင်လာစေရေးကိုလည်း နှစ်ဖက်သဘောထားအမြင် တူညီတဲ့ သဘောထားစုစည်းချက်အဖြစ် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ရရှိလာတဲ့ သဘောထားစုစည်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး၊ ပိုမိုထိရောက်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပကာ တိကျတဲ့ သဘောတူညီချက်တွေ ချမှတ်နိုင်ရေးတို့နဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ပါသေးတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က တိုင်းရင်းသားတွေကို ပေါချောင်ကောင်း ဖက်ဒရယ်ပေးပြီး ဒီမိုကရေစီကို ဦးတည်တဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က ချေမှုန်းမယ့်သ‌ဘောလို့ သုံးသပ်ပါတယ်။

“ကျွန်တော်တို့ ပြောရမယ်ဆိုရင်တော့ ဖက်ဒရယ်ကို သူတို့ ပေါချောင်ကောင်းပေးပြီးခါမှ ဒီမိုကရေစီကို ဦးတည်နေတဲ့ တော်လှန်ရေးအင်အားစုကိုပဲ သူတို့ (စစ်တပ်) ဦးတည်ပြီးတော့ ချေမှုန်းမှာ။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေက တဆင့်ချင်း တဆင့်ချင်း သူတို့ နယ်မြေတွေ ရမယ်၊ စီရင်စုတွေ ဖြစ်သွားမယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ဖြစ်သွားမယ်ဆိုရင် ဖြစ်သွားနိုင်တဲ့ အနေအထားမျိုး ရှိနေပြီ ဒီဟာက စစ်တပ်က ပုံစံပြောင်းပြီး ပေးနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ့နော်”လို့ ဆိုပါတယ်။

ဒါကြောင့် ဗမာအခြေပြုတော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်ထားရမှာဖြစ်သလို ကိုယ့်အခြေအနေကို ကိုယ်ပိုင်ဖန်တီးခွင့်ရဖို့ ကြိုးစားရမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားတဲ့ ကမ္ဘာကျော် TIME မဂ္ဂဇင်းနဲ့ သီးသန့်အင်တာဗျူးမှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က တိုင်းရင်းသားအခွင့်အရေးတွေ ဖက်ဒရယ်အခွင့်အရေးတွေ ဆောင်ရွက်ပေးမယ်လို့ ကြုံးဝါးထားတာပါ။

အာဏာသိမ်း စစ်တပ်အနေနဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖယ်ကျဉ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ခဲ့တာပါ။

တစ်ဘက်မှာတော့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်စစ်ကြောင်းကနေလည်း ထိုးစစ်ဆင် ဖိအားပေးပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် AA ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကတော့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေကြတာပါ။

အဲဒီထဲမှာ အာရက္ခတပ်တော် AA ကလွဲရင် ကျန်တိုင်းရင်းသားအဖွဲ့တွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ NUG ၊ CRPH တို့နဲ့အတူ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို တပ်ပေါင်းစုအသွင် ဖွဲ့စည်းထားကြပါတယ်။

SCEF အနေနဲ့ မူတစ်ခု ဗျူဟာတစ်ခုဖြစ်လို့ စစ်တပ်ကို တိုက်ခိုက်တာဖြစ်စေ ညှိနှိုင်းဆွေးနွေးတာဖြစ်စေ တစ်ဖွဲ့ချင်းစီ လုပ်မှာမဟုတ်ဘဲ အတူတကွ လုပ်ဆောင်သွားမယ်လို့ KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းနဲ့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ဂျပန်ခရီးစဉ်အတွင်း The Yomiuri Shimbun သတင်းစာနဲ့ အင်တာဗျူးမှာ ဖြေကြားထားတာပါ။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ NCA လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာအောင် အားလုံးက ကြိုးစားရမယ်လို့ တွေ့ဆုံဆွေးဆွေးမှု ပထမရက်မှာ ပြောဆိုခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက အတုအယောင်ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရဖြစ်လို့ စစ်အာဏာရှင်စနစ် ရှိနေရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မလွယ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူ့အခွင့်အရေးမျိုးစုံ ချိုးဖောက်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးအဖွဲ့အစည်းတွေ တော်တော်များများက အယုံအကြည်မရှိဘူးဖြစ်တာပေါ့။ နောက်ပြီး ၂၀၁၅ -၂၀၁၆ ကာလလိုမျိုးနဲ့လည်း မတူဘူး၊ ဒီအချိန်မှာ တက်လာတဲ့ စစ်အုပ်စုက အသွင်ပြောင်းထားတာ ဖြစ်တယ်။ တကယ့် ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရ မဟုတ်ဘူး။ နောက်ပြီးတော့ အတုအယောင်ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ နောက်ဆုံး ပြောချင်တာကတော့ စစ်အာဏာရှင်စနစ် ရှိနေတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့ မလွယ်ဘူးလို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ NCA စာချုပ်ကို စတင်ချိုးဖောက်ခဲ့တာဖြစ်သလို ရခိုင်ပြည်နယ်မှာ ဗုံးကြဲမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုနဲ့ ရေဘေးသင့်နေတဲ့ ထားဝယ်ဒေသကို လေကြောင်းကနေ ဗုံးကြဲမှုတွေဟာ အရပ်သားတွေအပေါ် သတ်ဖြတ်မှုတွေ ကျူးလွန်နေတုန်းပဲလို့ နိုင်မွန်စိုင်းက ထောက်ပြပါတယ်။

လက်ရှိ စစ်အစိုးရရဲ့ ဆွေးနွေးဖက်အဖြစ် အပစ်ရပ်ထိုး အဖွဲ့တွေနဲ့ အပစ်ရပ်မထိုးတဲ့ မြောက်ပိုင်းက အဖွဲ့တွေအပြင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းနဲ့ ကိုးကန့်တို့လည်း ပါဝင်လာခဲ့ကြတာပါ။

တချို့အဖွဲ့တွေဟာ နယ်မြေခွဲဝေသတ်မှတ်ပေးရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထူးဒေသနဲ့ ပြည်နယ်တွေကို သတ်မှတ်‌ပေးဖို့ စစ်အစိုးရရဲ့ ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက်ခဲ့ကြတာပါ။

ဒီလိုမျိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကနေ နယ်မြေခွဲဝေသတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေအပေါ် NSPNC ဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ ပေးထားချက်တွေနဲ့သာ တုန့်ပြန်လေ့ရှိပါတယ်။

အပစ်ရပ်ထိုးအဖွဲ့တွေနဲ့ NSPNC တို့ကြား ဆွေးနွေးမှုမှာတော့ EAO တွေရဲ့ မတူညီတဲ့ ရည်မှန်းချက်၊ လိုလားချက်တွေကို ဘုံနိုင်ငံရေး မူဘောင်အဖြစ် သတ်မှတ်ပြီး တစ်ခုတည်းသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အကောင်အထည်ဖော်ကာ အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် မတူကွဲပြားတဲ့ သက်ဆိုင်သူတွေအကြား ဆက်ဆံရေးကောင်းမွန်လာပြီး ယုံကြည်လက်ခံနိုင်တဲ့ ပေါင်းစည်းချိတ်ဆက်မှုနဲ့ ယုံကြည်မှုတည်ဆောက်ခြင်းကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.