ထားဝယ် အောက်တိုဘာ ၂
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်အတွင်းက ရေကြီးမြေပြိုမှုအတွင်း သေဆုံးသူ ၄၁ ဦးရှိလာပြီး အိုးအိမ်ပျက်စီးမှု ရာချီရှိတယ်လို့တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF ထံကနေ သိရပါတယ်။
TNF အဖွဲ့ရဲ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်းအထိ ကောက်ယူထားတဲ့စာရင်းအရ သေဆုံးသူ ၄၁ ဦးနဲ့ အဆောက်အဦ ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူစာရင်းက ထပ်တိုးနေဆဲဖြစ်ပြီး ရှာဖွေကူညီရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေရကြောင်း၊ အပျက်အစီးတွေအောက်မှာ သေဆုံးသူတွေ ထပ်ရှိနေနိုင်ကြောင်း TNF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီရှိနေဆဲဖြစ်ပြီး ကား၊ ဆိုင်ကယ်၊ စက်ယန္တရားတွေနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှုတွေ ရှိနေတဲ့အပြင် ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်း ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုမရှိတော့ဘဲ ဒေသအများစုမှာ ရေ ပြန်လည်ကျဆင်းလာကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
လောင်းလုံနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ရေကြီးမှုနဲ့ တောင်ပြိုမှုတွေကြောင့် သောက်သုံးရေ အရင်းအမြစ်တွေ ပျက်စီးညစ်ညမ်းနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေ အရေးတကြီး လိုအပ်နေသလို စားနပ်ရိက္ခာတွေလည်း လိုအပ်မှုတွေ ရှိနေတာပါ။
ဒါ့အပြင် နေအိမ်တွေနဲ့ လူနေမှုဘဝ ပျက်စီးဆုံးရှုံးခဲ့သူများအတွက် အမိုးအကာ၊ အိမ် အသုံးအဆောင်ပစ္စည်းတွေ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း အများအပြား ရောက်ရှိလာနေပြီး ရှာဖွေရေးနဲ့ အပျက်အစီး ရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

