နေပြည်တော် ၊ အောက်တိုဘာ ၃
နှစ်ဘက်အစိုးရရဲ့ နိုင်ငံရေး အကျိုးစီးပွားတွေကြား မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ခံရတဲ့သူတွေအနေနဲ့ စစ်မှုထမ်းအန္တရာယ် ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
မလေးရှားအစိုးရက သူတို့နိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်တွေကြောင့် ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်အစိုးရက စေလွှတ်တဲ့ စစ်သင်္ဘောတွေနဲ့ လွှဲပြောင်းခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ မြန်မာနိုင်ငံသားအဖြစ် စိစစ်ပြီးသူ ၁၄၇၆ ဦးကို ပြန်လည်ခေါ်ဆောင်ဖို့ စစ်တပ်ရဲ့ ရေတပ်တာဝန်ရှိသူတွေ ဦးဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ မြန်မာစစ်အစိုးရရဲ့ စစ်သင်္ဘော နှစ်စီးနဲ့ ဆေးရုံသင်္ဘောနှစ်စီးတို့ဟာ မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းကို ရောက်ရှိပြီး နောက်တစ်ရက်မှာ မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကို မလေးရှားနိုင်ငံ တာဝန်ရှိသူတွေဆီကနေ လက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် နိုင်ငံတော်အကြီးအကဲရဲ့ကြီးမားတဲ့ မေတ္တာတရားနဲ့ စေတနာပြည့်ဝစွာ အဖက်ဖက်က ဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူတွေအားလုံးကို သင်္ဘောပေါ် လိုက်ပါလာတဲ့သူတွေက ကျေးဇူးတင်ကြောင်း စစ်အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေနဲ့ ရုပ်သံတွေမှာ ဖော်ပြထားတာပါ။
စစ်သင်္ဘောတွေဟာ မကြာမီရက်ပိုင်းအတွင်း ရန်ကုန်မြို့ကို ပြန်ရောက်မှာဖြစ်ပြီး မိဘဆွေမျိုးတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ ဆိပ်ကမ်းမှာ သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရအဖွဲ့တွေ မိသားစုဝင်တွေက အသင့်စောင့်ကြိုကာ နေရပ်အသီးသီးကို ပြန်လည်ပိုဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ စစ်အစိုးရက ဆိုပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က စစ်အုပ်စုရဲ့ ပြောဆိုချက်တွေဟာ ဘာမှ ယုံကြည်လို့ရတဲ့ အနေအထားမရှိတဲ့အတွက် အပို့ခံရသူတွေရဲ့ လုံခြုံရေးကို အာမခံလို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီအခင်းအကျင်းက လူငယ်နဲ့ လူလတ်ပိုင်းအမျိုးသားတွေအတွက် အတင်းအကျပ် စစ်မှုထမ်းခိုင်းရနိုင်တဲ့ အန္တရာယ်ကို အလေးအနက်စိုးရိမ်ရတယ်လို့ ပြောရမယ်။ မြန်မာနိုင်ငံမှာ အတင်းအကျပ် (စစ်မှုထမ်း) လူအင်အားစုဆောင်းမှုတွေ ရှိလာတဲ့အချိန်မှာ အခုလို ပြန်ပို့တာဟာ သူတို့ကို အဲဒီအန္တရာယ်နဲ့ ပြန်လည် ရင်ဆိုင်စေနိုင်တယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ မိသားစုဝင်တွေနဲ့ ပြန်တွေ့နိုင်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပြောပြချက်တစ်ခုတည်းနဲ့ သူတို့ရဲ့ လုံခြုံရေးကို အာမခံလို့ မရဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် နေရပ်ကို ပြန်လည်ရောက်ရှိလာသူတွေရဲ့ လုံခြုံရေးနဲ့ နောက်ဆက်တွဲအခြေအနေတွေကို လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ သေချာစောင့်ကြည့်ခွင့်ရဖို့ အရေးတကြီး လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Fortify Rights ကလည်း မြန်မာနိုင်ငံကို အတင်းအကျပ် ပြန်ပို့မယ်ဆိုရင် ဒုက္ခသည်တွေနဲ့ အကာအကွယ်လိုအပ်သူတွေဟာ ညှဉ်းပန်းနှိပ်စက်မှု၊ ဖိနှိပ်မှု၊ လက်နက်ကိုင်ပဋိပက္ခ၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းမှုနဲ့ တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားတာပါ။
မလေးရှားအစိုးရက လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ကို နေရပ်ပြန်ပို့ဖို့ စီစဉ်ထားတာဖြစ်လို့ အစားထိုးအနေနဲ့ ဒုက္ခသည်အဖြစ် တရားဝင်အသိအမှတ်ပြုပြီး မလေးရှားမှာ တရားဝင်နေထိုင်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေ အာမခံပေးဖို့ Fortify Rights က တောင်းဆိုထားတာ ဖြစ်ပါတယ်။
တဖက်မှာ အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်း စစ်အစိုးရက နိုင်ငံရေးအရ တရားဝင်မှုရဖို့ ကြိုးပမ်းနေချိန်မှာ မလေးရှားအစိုးရက ကိုယ်တိုင်ခန့် သမ္မတကို ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး အခုလအတွင်း မလေးရှားနိုင်ငံကို လာရောက်ဖို့ ရှိနေတာပါ။
ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူးကို ကိုယ်တိုင်ခန့်အပ်ရယူပြီးနောက်ပိုင်း မိတ်ဘက်နိုင်ငံတွေအပါအဝင် အာဆီယံအဖွဲ့ဝင် လာအို၊ ထိုင်း၊ ကမ္ဘာဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ကို သွားရောက်ခွင့် ရရှိခဲ့မှုအပြီး အခုလို မလေးရှားက ဖိတ်ကြားလာတာ ဖြစ်ပါတယ်။
စစ်အစိုးရအနေနဲ့ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့မှုကြောင့် မြန်မာစစ်ခေါင်းဆောင်တွေက အာဆီယံရဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။
ဒါကြောင့် ဦးမင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ်တွေအတွင်း သူဦးဆောင်တဲ့ စစ်အစိုးရကို အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ထောက်ခံကူညီပေးဖို့ လှည့်လည်စည်းရုံးနေတဲ့အပေါ် နိုင်ငံ တချို့ကလည်း အသိအမှတ်ပြု ထောက်ခံပေးသွားမယ်ဆိုပြီး ဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှု အပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး သဘောထားတင်းမာခဲ့တဲ့ မလေးရှားအစိုးရက ဒုက္ခသည်အရေးနဲ့ ဆက်စပ်လို့ စစ်အစိုးရကို ဆက်ဆံလာတဲ့အပေါ် ရပ်တည်ချက် ပြောင်းလဲသွားပြီလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။
လေ့လာသူတွေကတော့ မလေးရှားက ပြည်တွင်းနိုင်ငံရေးအရ ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိဖို့ မြန်မာဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ပေးရမယ့်အရေးမှာ ကိုယ်တိုင်ခန့် သမ္မတကို ဖိတ်ခေါ်မှုအပေါ် စစ်အစိုးရဘက်က တရားဝင်မှုအတွက် အခွင့်ကောင်းယူတဲ့ သဘောလို့ ထောက်ပြကြပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ရွေးကောက်ပွဲအကျိုးစီးပွားနဲ့ တရားဝင်ဖြစ်ရေးဆိုတဲ့ အကျိုးအမြတ်ကြား ဒုက္ခရောက်နေသူတွေကို ချကစားတဲ့ ပွဲဖြစ်လို့ အာဆီယံတစ်စုံလုံးရဲ့ မူဝါဒ ပြောင်းလဲစရာ မရှိဘူးလို့ သုံးသပ်ပါတယ်။
“ကျွန်တော်ထင်တယ် (မလေးရှားက) သဘောထားပြောင်းသွားတာတော့ မဟုတ်ပါဘူး။ အခုဟာက အကျိုးစီးပွားအရ ရေရှည် Issue (ပြဿနာ) အရ သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့တာပဲ ရှိပါတယ်။ အဲဒီအတွက်တော့ အာဆီယံထဲမှာ ကြီးကျယ်တဲ့ ပြောင်းလဲမှု ဘာမှ ရှိမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် တစ်ခုပဲ နိုင်ငံရေးအကျိုးအမြတ်အတွက် ဒုက္ခရောက်နေတဲ့သူကို ချသုံးတဲ့ အစိုးရနှစ်ခုစလုံးရဲ့ အကျိုးစီးပွားဆိုတာတော့ တကယ့်ကို Victims ပေါ့နော် မတရားလုပ်ခံရတဲ့ ဒုက္ခသည်တွေဘက်က ကြည့်ရင်တော့ တော်တော် မတရားတဲ့ ဖြစ်ရပ်လို့ပဲ ပြောပါရစေဗျ”လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေအရ မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံသား ဒုက္ခသည်နဲ့ ခိုလှုံသူ စုစုပေါင်း ၁၉၃,၈၀၀ ခန့် ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီလူတွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ လက်ရှိအခြေအနေမှာ လုံခြုံမှုမရှိသေးဘူးလို့ ထုတ်ပြောထားတာပါ။
လက်ရှိ ပထမအသုတ်အဖြစ် နေရပ်ပို့ခံရသူတွေနဲ့ပတ်သက်ပြီး နေရာထိုင်ခင်း၊ အစားအသောက်၊ အဝတ်အစား၊ တကိုယ်ရည်သုံးပစ္စည်းထောက်ပံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်အပန်းဖြေမှုနဲ့ စုပေါင်းလေ့ကျင့်ခန်း လုပ်ဆောင်မှု စတာတွေကို စစ်အစိုးရက ပုံဖော်ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကို အထောက်အထားမရှိဘဲ ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက နေရပ်ပြန်ပို့တဲ့အခါ စစ်အစိုးရရဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက အပို့ခံရသူတွေကို စစ်မှုထမ်းအဖြစ် အဓမ္မ သွတ်သွင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကယ်လီကာရီကတော့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်ပို့ဆောင်နေမှုကို ရပ်တန့်ပြီး မြန်မာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဖြေရှင်းပေးဖို့ မလေးရှားအစိုးရကို တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

