မော်လမြိုင် အောက်တိုဘာ ၃

မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ လက်ရှိ မိုးရာသီမကုန်ခင်ကာလမှာ ကတည်းက လျှပ်စစ်မီး ပြတ်တောက်မှုဟာ တစ်နေ့တခြား ပိုမို ဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လျှပ်စစ်မီးဟာ မိုးရာသီကာလအတွင်းက တစ်ရက် ၂၄ နာရီမှာ ၁၄ နာရီ ဝန်းကျင်ခန့် ရရှိခဲ့ရာမှ လက်ရှိမှာတော့ ရပ်ကွက် အများစုမှာ အများဆုံး ၈ နာရီကနေ ၆ နာရီဝန်းကျင်လောက်သာ ရရှိတော့တာပါ။

အခုလို လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုမို ဆိုးရွားလာတာကြောင့် အသေးစား၊ အလတ်စားလုပ်ငန်း အပါအဝင် လုပ်ငန်း အများစု ထိခိုက်မှု ရှိသလို ဒေသခံတွေရဲ့ လူမှုစီးပွား ဘဝတွေလည်း အခက်တွေ့ စေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ တစ်ဦးကတော့ လျှပ်စစ်မီးဟာ နေ့စဉ် နေ့ရောညပါ ပြတ်တောက်မှု ပိုများလာတာကြောင့် နွေရောက်ရင် ပိုဆိုးမယ့် အခြေအနေ ရှိသလို အသေးစား လုပ်ငန်းတွေက အစ ထိခိုက်မှု ရှိလာမှာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မီးကတော့ တောက်လျှောက် နေ့စဉ် နေ့ရော ညရော အဲဒီလို ပြတ်တဲ့ အချိန်တွေ တအား များလာတော့ နွေရောက်ရင် ဒါပိုဆိုးမယ့် အနေအထားလည်း ဖြစ်တယ်၊ နောက်တစ်ခုက အသေးစား စက်မှု တစ်ပိုင်တစ်နိုင် လုပ်တဲ့ လုပ်ငန်းတွေက အစ အားလုံး သက်ရောက်မှာပဲ၊ ထိခိုက်မှာပဲ၊ တဖက်ကလည်း ဆီဈေးတွေက တအား တက်လာတယ်၊ ဝယ်ရလည်း ခက်ခဲလာတော့လေ၊ ပိုပြီးတော့ အကျပ်အတည်းက ဒီနွေမှာတော့ ရင်ဆိုင်ရဦးမှာပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် ယခင်က ဓာတ်အား ပြတ်တောက်မယ့် အချိန်တွေကို ဇယားနဲ့ ဖော်ပြခဲ့ရာမှ လက်ရှိမှာတော့ ဓာတ်အားကို ဖြတ်ချင်တဲ့ အချိန် ဖြတ်ပြီး ပေးချင်တဲ့ အချိန် ပေးတာကြောင့် လုပ်ငန်း လည်ပတ်ရတာတွေက အစ အခက်ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံ နောက်တစ်ဦးကလည်း လက်ရှိ လျှပ်စစ်မီး ပြတ်တောက်ချိန် ကြာပြီး ညအချိန်လောက်သာ လာတော့သလို ချက်ပြုတ် စားသောက်ရေးတွေက အစ အခက်ကြုံရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မီးအခြေအနေကတော့ အဆင်မပြေဘူး၊ အဆင်မပြေဘူးဆိုတာ တစ်ခါတလေ ကျရင် ညဘက်လောက်မှ လာတယ်၊ ညဘက်တောင် ပုံမှန် ည ၁ နာရီလောက်မှပဲလာတာမျိုး အဲဒီလိုပုံစံမျိုး၊ အိပ်ခါနီးလောက်မှ လာတာများတယ်၊ ထမင်း စားဖို့ အတွက်ရော ရေမိုးချိုးဖို့အတွက်ရော အခက်အခဲ ပိုဖြစ်တယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်းသမ္မတခန့် လျှပ်စစ်နဲ့ စွမ်းအင် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်က မွန်ပြည်နယ် အပါအဝင် တခြား တိုင်းနဲ့ ပြည်နယ်တွေကို လျှပ်စစ်မီး ပေးချိန် ၁၂ နာရီအစား ၁၄ နာရီထိ တိုးမြှင့်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြောဆိုခဲ့ပေမယ့် မြေပြင် အခြေအနေမှာတော့ လျှပ်စစ်မီး ရရှိချိန်ဟာ တစ်နေ့ တခြား ပိုမို ဆိုးဝါးလာပြီး ပြတ်တောက်ချိန် ကြာမြင့်တဲ့အတွက် လျှပ်စစ်မီးကို အားကိုး လုပ်ကိုင်ရတဲ့ စီးပွားရေး လုပ်ငန်းတွေအပြင် အဖက်ဖက်မှာ အခက်အခဲ အကျပ်အတည်း တွေ့နေရတာပါ။

မော်လမြိုင်မြို့မှာတော့ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က လျှပ်စစ်မီးကို နေ့စဉ် နီးပါး အချိန်မှန် ရရှိခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိတော့သလို ပြတ်တောက်ချိန်ကလည်း ကြာမြင့်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.