လောင်းလုံး အောက်တိုဘာ ၃
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် တောကျဲကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်းက မြေထပ်ပြိုလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ယာယီရပ်နားထားရတယ်လို့ ကူညီကယ်ဆယ်ရေးအ ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။
မနက် ၁၀ နာရီကျော်ခန့်မှာ ကျေးရွာအတွင်း မြေပြိုနေရာတွေက အပျက်အစီးတွေကို လူမှုကူညီရေးအဖွဲဝင်တွေနဲ့ဒေသခံတွေ ရှင်းလင်းရေးလုပ်နေချိန် မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရုတ်တရက် မြေတွေ ထပ်ပြိုဆင်းလာလို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့တွေ အကုန်ထွက်ပြေးခဲ့ရကြောင်း၊ မြေထပ်ပြိုနိုင်တဲ့ အန္တရာယ်ရှိနေသေးလို့ လောလောဆယ် လုပ်ငန်းတွေကို ရပ်နားထားပြီး အခြေအနေကို စောင့်ကြည့်နေရကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြေပြိုကျချိန်မှာတော့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ရွာခံတွေ အချိန်မီ တိမ်းရှောင်လိုက်နိုင်တာကြောင့် ထိခိုက်သေဆုံးသူတွေတော့ မရှိဘူးလို့ ဆိုပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့က လောင်းလုံးမြို့နယ်အတွင်းမှာ ရေကြီးမြေပြိုမှုအတွင်း တောကျဲကျေးရွာလည်း ပါဝင်ခဲ့ပြီး လူ ၅ ဦးသေဆုံးထားကာ အိမ်ခြေ ၄၂ လုံးလည်း ပျက်စီးထားပါတယ်။
တောင်ပြိုမှုကြောင့် မြေစာပိပြီး ပျောက်ဆုံးနေတဲ့ ဒေါ်မိသိန်း (ခေါ်) မဲအုဂတ်၊ ဦးလားဂျစ်နဲ့ ကိုမင်းမင်းတို့ရဲ့ ရုပ်အလောင်းများကို အောက်တိုဘာ ၂ ရက်နေ့အထိ ရှာမတွေ့သေးဘဲ အပျက်အစီးတွေ ရှင်းလင်းနေရဆဲဖြစ်ကာ လမ်းပိတ်နေတဲ့ မြေစာတွေကိုပါ ဖယ်ရှား ရှင်းလင်းနေကြရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

