မော်လမြိုင် ၊ အောက်တိုဘာ ၂၃
စစ်တပ် အသွင်ပြောင်း အစိုးရ လက်အောက်ခံ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ရဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ချက်ဟာ တောင်သူတွေကို ဆင်းရဲတွင်း တွန်းပို့တာလို့ တောင်သူတွေက ဝေဖန်လိုက်ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အခြေခံရည်ညွှန်းစပါးဈေးဟာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်နဲ့ ကိုက်ညီတဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲ သတ်မှတ်ထားပါတယ်။
အခု သတ်မှတ်လိုက်တဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းဟာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ ဈေးကွက်နဲ့ ဈေးနှုန်း ဖြစ်ပေါ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
တောင်သူတစ်ဦးကတော့ အခြေခံရည်ညွှန်း စပါးဈေးနှုန်း ကျပ် ၁၃ သိန်းခွဲ သတ်မှတ်မှုဟာ တောင်သူတွေကို မွဲသထက် မွဲအောင် ပြုလုပ်နေတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ကျွန်တော်တို့ လယ်တစ်ဧကရဲ့ စိုက်ပျိုးကုန်ကျစရိတ်က ၁၀ သိန်း ကျော်ကျော်လောက် ရှိတာပေါ့နော်။ အခြေခံဈေးနှုန်း ၁၃သိန်းခွဲသာဆိုရင် ကျွန်တော်တို့ တောင်သူတွေ ဘာအကျိုးမှ မရှိတော့ဘူး။ တောင်သူတွေဟာ မွဲသထက် မွဲသွားမယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စပါး တစ်ဧကမှာဆိုရင် အများဆုံး တင်း ၅၀ လောက်သာ ထွက်ရှိတာ ဖြစ်ပြီး နှစ်ဧက ပေါင်းမှ တင်း ၁၀၀ ပြည့်မှာ ဖြစ်ကာ အခုသတ်မှတ်တဲ့ ဈေးနှုန်းနဲ့ တွက်ကြည့်ပါက ရည်ညွှန်းဈေးနှုန်းမှာတင် ကျပ် ၇ သိန်းဝန်းကျင် ရှုံးနေတယ်လို့ သူက ဆက်ပြောပါတယ်။
တောင်သူနောက်တစ်ဦးကလည်း စစ်အစိုးရ သတ်မှတ်လိုက်တဲ့ နှုန်းအတိုင်းသာ ကုန်သည်ပွဲစားတွေက ဝယ်ယူမှာ ဖြစ်တဲ့အတွက် ရှုံးပြီးရင်း ရှုံးပြန် ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီဈေးပတ်ဝန်းကျင်ဆို ကျွန်တော်တို့ လယ်သမားတွေအနေနဲ့တော့ အများကြီး နာတာပေါ့။ ပွဲစားတွေကလည်း ဒီဈေးအတိုင်းပဲ ဈေးဖွင့်ကြမယ်။ တခြားကုန်ပစ္စည်းတွေ ဈေးတွေ တအားကြီးနေတဲ့ချိန် ကိုယ့်ဆီက ထုတ်လုပ်တဲ့ ဆန်စပါး ကျတော့ ဈေးတအား နိမ့်တဲ့အခါကျတော့ တောင်သူတွေက ရှုံးပြီးရင်း ရှုံးပြန်ပဲ”လို့ ဆိုပါတယ်။
လက်ရှိ စစ်အစိုးရ သတ်မှတ်တဲ့ ဈေးနှုန်းဟာ စပါးစိုက် တောင်သူတွေအတွက် အကျိုးမရှိဘဲ ကုန်သည်ပွဲစားတွေ အတွက်သာ စပါးသိုလှောင်ဖို့ အကျိုးရှိတာကြောင့် တောင်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီးမှ ရည်ညွှန်း ဈေးနှုန်းတွေ သတ်မှတ်သင့်တယ်လို့ သူကဆက်ပြောပါတယ်။
တဖက်မှာ စစ်အစိုးရ လက်အောက်ခံ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ကတော့ ဈေးကွက်ပေါက်ဈေးဟာ အခြေခံ ရည်ညွှန်း ဈေးနှုန်း အပေါ်မှာ ဖြစ်ပါက ဈေးကွက် ပေါက်ဈေး အတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက် ပေါက်ဈေး အောက်မှာ ရှိပါက အခြေခံ ရည်ညွှန်း ဈေးနှုန်းအတိုင်း ဝယ်ယူဖို့ ဆိုထားပါတယ်။
အခုသတ်မှတ်လိုက်တဲ့ အခြေခံ ရည်ညွှန်း စပါး ဈေးနှုန်းဟာ ၂၀၂၆ ခုနှစ် မိုးစပါးနဲ့ ၂၀၂၇ ခုနှစ် နွေစပါးအတွက် ရည်ရွယ်တာ ဖြစ်ပြီး အခြေခံ ရည်ညွှန်း ဈေးနှုန်းနဲ့ ရောင်းချဖို့ အခက်အခဲ ရှိတဲ့ တောင်သူတွေအနေနဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အစိုးရက အခြေခံရည်ညွှန်းစပါးဈေးနှုန်းအဖြစ် စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲ သတ်မှတ်ထားမေပယ့် မြေပြင်မှာတော့ ဆန်ကြမ်းစပါးတင်း ၁၀၀ ကို ကျပ် ၂၂ သိန်းဝန်းကျင်၊ ဆန်ချောစပါးတင်း ၁၀၀ ကို ကျပ် သိန်း ၃၀ ကနေ ၃၅ သိန်းဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။
မြန်မာနိုင်ငံမှာတော့ စပါးစိုက် တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေ၊ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျ စရိတ် ကြီးမားမှုတွေ၊ သယ်ယူ ပို့ဆောင်ရေး စရိတ် မြင့်မားမှုတွေ၊ လုပ်သားရှားပါးမှုတွေအပြင် ဈေးနှိမ်မှုဒဏ်တွေကိုပါ ခံစားနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

