မော်လမြိုင် အောက်တိုဘာ ၂၃
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ PDF စစ်ရုံးချုပ်က အောက်တိုဘာလ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ လက်နက်တပ်ဆင်ပွဲအခမ်းအနားကို NUG အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ စစ်ရုံးချုပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
အခမ်းအနားမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အပါအဝင် တာဝန်ရှိသူတွေက အမှာစကားပြောကြားတာတွေနဲ့ PDF အလံတော်ကို အလေးပြုတာ၊ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုဦးညွှတ်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် အမှတ် (၉၇၁၁) တပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကို အတည်ပြုတာနဲ့ ရဲဘော်တွေကို လက်နက်တပ်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PDF စစ်ရုံးချုပ်က တပ်တည်ဆောက်ရေးနဲ့ တပ်ဖွဲ့တွေ ကျစ်လစ်ခိုင်မာရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေပြီး စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတယ် ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

