မော်လမြိုင်၊ အောက်တိုဘာ ၂၃

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရတနာမြို့သစ် စီမံကိန်းမှာ ရေမြောင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အလုပ်သမား တစ်ဦးကို ပြည်သူ့စစ်အဖွဲ့တွေက စစ်မှုထမ်းအတွက် ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အုတ်ဖိုလမ်းနေ အသက် ၄၂ အရွယ် အလုပ်သမား ကိုမြင့်လွင်ဦးဟာ လမ်းပေါ်တက်ပြီး ဖုန်းပြောနေစဉ် အရပ်ပုပု ထိပ်ပြောင်ပြောင်နဲ့တက်တူးထိုးထားတဲ့ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ဦးထုပ်နဲ့ ရိုက်နှက်ခဲ့တာပါ။

အဲဒီနောက် Honda Fit ကားအပြားရောင် တစ်စီးရောက်လာပြီး ကားပေါ်က ဆင်းလာတဲ့ လူငယ် လေးဦးက အလုပ်သမား ကိုမြင့်လွင်ဦးကို အတင်းအဓမ္မ ဖမ်းဆီးပြီးနောက် ကားပေါ်တင်ခေါ်သွားတယ်လို့ ဆိုပါတယ်။

အလုပ်သမား ကိုမြင့်လွင်ဦး ဖမ်းဆီးမှုခံရမှုကြောင့် မိသားစုဝင်တွေက စစ်မှုထမ်းအဖြစ် ရောင်းစားခံရမှာကို စိုးရိမ်တဲ့အတွက် ရဲစခန်းမှာ လူပျောက်တိုင်ကြားထားတယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့ လှိုင်ရတနာမြို့သစ် စီမံကိန်းက အလုပ်သမားတွေဟာ အခုလအတွင်း မကြာခဏဆိုသလို ပျောက်ဆုံးတာတွေ ရှိနေတယ်လို့ ရပ်ကွက်ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဟာ ဒေသတွင်းရှိ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေအပြင် လူလတ်ပိုင်း အမျိုးသားတွေကို ကားနဲ့လှည့်လည်ပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာဒုတိယအပတ်ကလည်း ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၉ သင်တန်းအတွက် မော်လမြိုင်မြို့မှာ နေထိုင်တဲ့ စိတ်ဝေဒနာရှင် မောင်ဝေယံအောင်ကို စစ်မှုထမ်း ဖမ်းဆီးခဲ့ပြီး အဲဒီနောက် မိသားစုဝင်တွေက အဆင့်ဆင့်တင်ပြပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၉ အထိ ဒေသတွင်းရှိ လူငယ် ၆၀၀၀ ကျော် စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.