ထားဝယ်၊ အောက်တိုဘာ ၁

ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ကြုံနေတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ရေဝိုင်းကျေးရွာကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ မြိတ်လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်လေယာဉ် တစ်စီးဟာ ရေဝိုင်းကျေးရွာကို ဗုံး နှစ်လုံး လာရောက်ကြဲချသွားပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် ပခပ်အင်းနဲ့ရေဝိုင်းကျေးရွာတို့က ဒေသခံပြည်သူတွေဟာ ပကာရီကျေးရွာဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်တပ်ရဲ့ ရေဝိုင်းကျေးရွာ ဗုံးကြဲမှုမှာတော့ ဗုံးနှစ်လုံးဟာ ကျေးရွာအပြင်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ရေဝိုင်းကျေးရွာဟာ ပကာရီကျေးရွာအုပ်စုအတွင်းမှာ ပါဝင်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့ကစလို့ ပကာရီကျေးရွာအုပ်စုရှိ ကျေးရွာတွေမှာ ရေကြီးနစ်မြှုပ်မှုကြောင့် ဒေသခံပြည်သူတွေ ရေဘေးကြုံနေရတာ ဖြစ်ပါတယ်။

သဘာဝဘေးဒဏ်ကြုံနေရတဲ့ ထားဝယ်ဒေသကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရဲ့ ထားဝယ်၊ လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်တို့မှာ ဖြစ်ပွားနေတဲ့ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီး လူပေါင်း ၄၀ ထက်မနည်း ပျောက်ဆုံးနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.