ဖာပွန်၊ အောက်တိုဘာ ၁

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကတိုင်တိ-ကမမောင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ထံကနေ သေနတ် ၁၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ကတိုင်တိ-ကမမောင်းဒေသ ဘုရားကုန်းအကြား စစ်ရေးလှုပ်ရှားနေတဲ့ အာဏာသိမ်း စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ထံကနေ MA-1 သေနတ် ၃ လက်၊ MA-3 သေနတ် ၁ လက်နှင့် K3 သေနတ် ၃ လက်၊ စုစုပေါင်း သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဖာပွန်မြို့နယ် နိုဃဲထာ‌ဒေသရှိ အာဏာသိမ်းစစ်တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖာပွန်မြို့နယ် ဝါသိုးခို‌ဒေသအတွင်း စစ်ရေးလှုပ်ရှားနေတဲ့ အာဏာသိမ်း စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ထံကနေ သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖာပွန်ခရိုင် ကတိုင်တိ-ကမမောင်းလမ်းပိုင်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.