ဝါရှင်တန်၊ ဇူလိုင် ၃၁

ဟားမာ့စ် အဖွဲ့ လုံးဝ လက်နက် ဖြုတ်သိမ်းရေးအတွက် သဘောတူညီမှု တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇူလိုင် ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။

အဲဒီ သဘောတူညီမှုဟာ ဂါဇာမှာ ပါလက်စတိုင်းအစိုးရသစ် ပေါ်ပေါက်လာရေး အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်တယ်လို့ သူက ပြောပါတယ်။’

အစ္စရေးနဲ့ ရယူထားတဲ့ သဘောတူညီမှုမှာ ဟားမာ့စ် အဖွဲ့ရဲ့ လက်နက်ကိစ္စကို ဖြေရှင်းရေး၊ ဂါဇာ ကမ်းမြောင်ဒေသရှိ အစ္စရေးတပ်တွေ ဖြည်းဖြည်းချင်း ဆုတ်ခွာရေး သတ်မှတ်ချက်တွေ ပါဝင်တယ်လို့ အကြီးတန်း ဟားမာ့စ် အရာရှိတွေက ပြောပါတယ်။

လက်နက်တွေ ကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီချက် တစ်ရပ် ရရှိထားပြီး ကမ်းမြောင်ဒေသကနေ အစ္စရေးတပ်ဖွဲ့တွေ ဖြည်းဖြည်းချင်း ဆုတ်ခွာရေး သဘောတူညီမှု တစ်ရပ် ရရှိခဲ့တာပါ။

အဲဒီ အဖွဲ့ရဲ့ ညှိနှိုင်းရေးအဖွဲ့ဝင် ဂါဇီ ဟာမက်က ဂါဇာ ဒေသခံတွေရဲ့ အကျိုးအတွက် သူတို့အဖွဲ့က အခုလို လိုက်လျော ခွင့်ပြုခဲ့တာ ဖြစ်ပြီး သူတို့ အသတ်မခံရအောင် ထွက်မပြေးရအောင် သဘောတူပေးခဲ့တာလို့ ပြောပါတယ်။

သူက လက်နက်တွေ ကိစ္စဟာ အစ္စရေးတပ်များ ဆုတ်ခွာမှုနဲ့ ဆက်စပ်နေပြီး ဒေသတွင်း အမျိုးသား ကော်မတီနဲ့ ပြန်လည် တည်ဆောက်ရေး လုပ်သားတွေချထားမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

အစ္စရေးကတော့ ကြေညာချက် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဟားမာ့စ် အဖွဲ့ လက်နက် စွန့်လွှတ်ရေး ပါဝင်တဲ့ သဘောတူညီမှု တစ်ရပ်ကို သူတို့ အဖွဲ့ သဘောတူညီဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ပြောကြားပြီးနောက် ထရန့်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂါဇာရှိ ဟားမာ့စ် အဖွဲ့နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေ အားလုံး လုံးဝ လက်နက်ဖြုတ်သိမ်းရေး သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ရရှိပြီ ဖြစ်ကြောင်း ဒါဟာ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆီသို့ အရှိန်အဟုန်ရစေမယ့် ခြေလှမ်း တစ်ရပ် ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

အဆင့်လိုက် လက်နက်ဖြုတ်သိမ်းမှု ပြီးဆုံးပြီ ဆိုတာနဲ့ အစ္စရေး တပ်ဖွဲ့တွေဆုတ်ခွာမှာ ဖြစ်ပြီး တည်ငြိမ်ရေး နိုင်ငံတကာ တပ်ဖွဲ့က ဂါဇာ ဒေသခံတွေ ဘေးကင်းရေး ပါလက်စတိုင်း ရဲတပ်ဖွဲ့ အသစ်နဲ့အတူ တာဝန် ယူသွားမှာ ဖြစ်ပါတယ်။

ကြားဝင် စေ့စပ်ပေးခဲ့တဲ့ အီဂျစ်၊ ကာတာနဲ့ တူရကီတို့ကို ကျေးဇူးတင်ကြောင်းလည်း ထရန့် က ပြောပါတယ်။

အောက်တိုဘာလကတည်းက ဂါဇာမှာ အစ္စရေးနဲ့ ဟားမာ့စ်ကြား အပစ်ရပ်ရေး သဘောတူထားခဲ့ပေမယ့် ဟားမာ့စ် အဖွဲ့ လက်နက်ဖြုတ်သိမ်းရေး ကိစ္စဟာ အဓိက ကြန့်ကြာနေခဲ့တဲ့ အချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။’

အပစ်အခတ် ရပ်စဲဖို့ သဘောတူထားပေမယ့် ဂါဇာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး ဇူလိုင် ၃၀ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးနှစ်ဦး အပါအဝင် လေးဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

အမေရိကန်၊ ကာတာနဲ့ တူရကီတို့လည်း ပါဝင်မယ့် ဂါဇာ ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေကို ကိုင်ရိုက မကြာခင် လက်ခံပြီး တွေ့ဆုံဆွေးနွေးစေမှာ ဖြစ်တယ်လို့ Al-Qahera News သတင်းဌာနက ဇူလိုင် ၃၁ ရက် စောစောပိုင်းက ကြေညာခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေ ဘယ်အချိန်မှာ ပြုလုပ်သွားမယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

ဒါပေမဲ့ ဂါဇာ အပစ်အခတ်ရပ်စဲမှု ဒုတိယအဆင့် အကောင်အထည် ဖော်ရေး ကိစ္စကို ဆွေးနွေးသွားမှာ ဖြစ်ပြီး ဟားမာ့စ် အဖွဲ့နဲ့ ပါလက်စတိုင်း အဖွဲ့အစည်းတွေသဘောတူရမယ့် လမ်းပြမြေပုံ တစ်ရပ်ကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဂါဇာအတွက် ထရန့်ရဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ်အရ အပစ်အခတ်ရပ်စဲမှု ဒုတိယအဆင့်မှာ ဟားမာ့စ် အဖွဲ့ လက်နက် ဖြုတ်သိမ်းရေးနဲ့ အစ္စရေး တပ်တွေ အဲဒီ ဒေသထဲက ဖြည်းဖြည်းချင်း ဆုတ်ခွာရေးတို့ ပါဝင်မှာ ဖြစ်ပါတယ်။

ဂါဇာမှာ တိုက်ခိုက်မှုတွေ ပြီးဆုံးပြီ အသွင်ကူးပြောင်းရေး ကာလအတွင်း ဂါဇာ အုပ်ချုပ်ရေး အမျိုးသား ကော်မတီက အုပ်ချုပ်ရေး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်နက် တချို့နဲ့ လူတချို့အတွက် ခြွင်းချက်ရှိမှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် တစ်ခုက ပြောထားပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.