အေသင်၊ ဇူလိုင် ၃၁
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ဂရိနိုင်ငံတောင်ပိုင်း ခရီတီကျွန်းမှာ ကြီးမားတဲ့ တောမီး ဆက်လက် လောင်ကျွမ်းနေမှုကြောင့် ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွား ၈၀၀၀ ကို ဘေးကင်းရာ ပြောင်းရွှေ့ခဲ့ပြီး ဂရိ အာဏာပိုင်တွေက ကျွန်းပေါ်မှာရှိတဲ့ အဂီအို့စ် ဗာဆီလီအို့စ် ဒေသမှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
မြေထဲပင်လယ် အရှေ့ပိုင်းရှိ ဂရိနိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ ခရီတီပေါ်ရှိ ရီသမ်နို ဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ မကြာသေးခင် ရက်ပိုင်း အတွင်း နိုင်ငံရဲ့ အပြင်းထန်ဆုံး တောမီး ဖြစ်လာပါတယ်။
တောမီး လောင်ကျွန်းနေတဲ့ နေရာဟာ ၁၅ ကီလိုမီတာကျော် ကျယ်တယ်လို့ ဂရိ အမျိုးသား ရုပ်သံလိုင်း ERT က ကြေညာပါတယ်။
ရီသမ်နိုဒေသရှိ အဆိုမားတို့စ် ကျေးရွာအနီး တောမီးလောင်ကျွမ်းခဲ့ပြီးနောက် ခရီတီကျွန်းရဲ့ ကမ်းရိုးတန်းဒေသ တစ်ခု ဖြစ်တဲ့ ပရီဗီလီသို့ တောမီးတွေ ပျံ့နှံ့လာခဲ့တာပါ။
ပရီဗီလီဟာ ကမ်းခြေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ သဘောကျတဲ့ နေရာတွေ တော်တော်များများရှိတဲ့ ဒေသ ဖြစ်ပြီး မီးသတ်သမားတွေက အဂီအို့စ် ဗာဆီလီအို့စ် ဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ ကြိုးပမ်းနေကြပါတယ်။
တစ်နာရီကို ၁၂၅ ကီလိုမီတာနှုန်းရှိတဲ့ လေပြင်းတွေ တိုက်ခတ်နေပြီး လေထု အရည်အသွေးကလည်း သာမန် မျက်စိနဲ့ မမြင်ရသလောက် အခြေအနေ ဖြစ်နေတာကြာင့် မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းရာမှာ အခက်အခဲတွေ ရှိနေပါတယ်။
ရာသီဥတု အခြေအနေ ပြင်းထန်နေတာကြောင့် မီးသတ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးလို့မရ ဖြစ်နေတယ်လို့ ဒေသဆိုင်ရာအရာရှိတွေက ပြောပါတယ်။
တောမီးကြောင့် ထိခိုက်မှု ရှိနိုင်တဲ့ ဒေသတွေက ဒေသခံတွေနဲ့ ဧည့်သည်တွေ ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ ဂရိ အာဏာပိုင်တွေက အရေးပေါ် သတိပေးချက် အကြိမ်ကြိမ် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့ပါတယ်။
ဘေးကင်းရာ ပြောင်းရွှေ့လာသူ ၇၀၀ လောက်ဟာ အားကစားခန်းမ တစ်ခုထဲ တစ်ည အိပ်စက်ခဲ့ရပြီး တခြားလူတွေ အများကြီးကတော့ ဆွေမျိုးတွေ ဒါမှမဟုတ် အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေမှာ တည်းခိုခဲ့ရပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေကိုတော့ တခြား သက်ရောက်မှု မရှိတဲ့ ဒေသတွေမှာ ရှိတဲ့ ဟိုတယ်တွေမှာ ပြန်လည်နေရာချထားပေးခဲ့တယ်လို့ သိရပါတယ်။
ပရီဗီလီ ကမ်းရိုးတန်းဒေသမှာ ရာသီဥတု အခြေအနေ ပြင်းထန်နေတဲ့ကြားက လူပေါင်း ၅၁ ဦးကို ရေကြောင်းကနေ ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
ပုဂ္ဂလိက ရေယာဉ် နှစ်စီးရဲ့ အကူအညီနဲ့ ဟယ်လန်နစ် ကမ်းခြေစောင့်တပ် ကင်းလှည့်ရေယာဉ်နဲ့ အဲဒီလူတွေကို ပင်လယ်ကမ်းနားမြို့ အဂီယာ ဂါလီနီသို့ ဘေးကင်းစွာ ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မီးသတ်ကားတွေရဲ့ အကူအညီနဲ့ မီးသတ်သမား ၁၉၀ ကျော်က တောမီးငြှိမ်းသတ်ရာမှာ ကျွမ်းကျင်သူအဖွဲ့၊ ဒေသခံ အရာရှိတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အတူ အဓိက တောမီးလောင်ကျွမ်းရာ နေရာမှာ မီးကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြ ပါတယ်။
ဒါပေမဲ့ လေပြင်း တိုက်ခတ်မှုကြောင့် တောမီးထိန်းချုပ်ရေး ကြိုးပမ်းမှုတွေ အခက်အခဲ ဆက်ရှိနေတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
တောမီး လောင်ကျွမ်းမှုကြောင့် စိုက်ခင်းတွေ၊ ရိတ်သိမ်းပြီး နေရာတွေ၊ စားကျက် ဒေသတွေ၊ လူနေအိမ်များတဲ့ မွေးမြူရေးခြံများ ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။
မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ခရီတီကျွန်းမှာ လေပြင်း ဆက်လက်တိုက်ခတ်မယ်လို့ မျှော်လင့်ရတာကြောင့် တောမီးအန္တရာယ် ကြီးမားနေဆဲ ဖြစ်ကြောင်း သတိပေးထားပါတယ်။
ခရီတီကျွန်းနဲ့ ပီလိုပွန်နက်စ် ဒေသမှာ မီးငြိမ်းသတ်ဖို့ ကြိုးပမ်းရင်းနဲ့ ဂရိ မီးသတ်သမား ၃ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
Ref:Reuters/BBC/Bernama

