တိုကျို၊ ဇူလိုင် ၃၀

နွေရာသီ အပူချိန် ပြင်းထန်လာမှုကြောင့် အများပြည်သူ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေ ပိုများလာနေချိန် ဂျပန် ထုတ်လုပ်သူတွေက အန္တရာယ်ရှိတဲ့ အပူချိန်နဲ့ ထိတွေ့မှုကနေ အလျင်မြန်လည် သက်သာစေရေး ကူညီဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ အအေးပေး အခန်းလေးတွေကို မိတ်ဆက်လိုက်ပါတယ်။

စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေး Trusco Nakayama နဲ့ ရေခဲသေတ္တာကုမ္ပဏီ Sanden Retail Systems တို့ ပူးပေါင်းပြီး ဖန်တီး ထုတ်လုပ်ထားတဲ့ “Do Hiemon Box” ခေါ် အအေးပေး အခန်းငယ်လေးတွေဟာ အလုပ်သမားတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ တကိုယ်ရေ အအေးပေးစနစ် ဖြစ်ပါတယ်။

အပူချိန် မြင့်မားနေချိန် အပြင်ဖက်မှာ အကြာကြီး နေရတဲ့ အလုပ်သမားတွေနဲ့ အများပြည်သူတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီ အခန်းလေးတွေထဲမှာ ထိုင်ခုံ တစ်ခါတည်း တပ်ဆင်ထားပြီး ရေခဲသေတ္တာ ခပ်ကြီးကြီး တစ်လုံးနဲ့ ဆင်တူပါတယ်။

အထဲကို ဝင်လိုက်တာနဲ့ဦးခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း နေရာတွေကို အေးမြတဲ့ လေအေးတွေနဲ့ ပက်ဖြန်းပေးမှာ ဖြစ်ပါတယ်။

အဲဒီ နေရာတွေမှာ အပူတွေ ကင်းစင်အောင် လုပ်ဆောင်တာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို လျှော့ချဖို့ အထိရောက်ဆုံး နည်းလမ်း ဖြစ်တယ်လို့ မှတ်ယူထားတာ ဖြစ်ပါတယ်။

အဲဒီ အအေးပေး စနစ်က အတွင်းပိုင်း အပူချိန်ကို ၁၅ ဒီဂရီ ဆဲလ်စီးယပ်စ် မှာ ထိန်းသိမ်းထားပေးပြီး နေရာတကျ တပ်ဆင်ထားတဲ့ လေထွက်ပေါက်တွေကနေ အေးမြတဲ့ လေတွေ ထုတ်ပေးဖို့ တီထွင်ထားတာ ဖြစ်ပါတယ်။

ထုတ်လုပ်သူတွေရဲ့ ဖော်ပြချအရ အသုံးပြုသူတွေအနေနဲ့ ၁၀ မိနစ်အတွင်း သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို လျှော့ချနိုင်မှာ ဖြစ်ပြီး အပူကြောင့် အားအင် ကုန်ခမ်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါလက္ခဏာတွေ အလျင်အမြန် သက်သာ စေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သမရိုးကျ လေအေးပေးစက်တွေနဲ့ သယ်ယူနိုင်တဲ့ ပန်ကာတွေလို မဟုတ်ဘဲ အလုံပိတ်ထားတဲ့ အခန်းကြောင့် အသုံးပြုသူကို ပိုပြီး ထိထိရောက်ရောက် လေအေးတွေ ပေးနိုင်မှာ ဖြစ်ပြီး မြန်မြန်ဆန်ဆန် အေးမြစေမှာ ဖြစ်ပါတယ်။

အပူချိန် အရမ်း နိမ့်တဲ့ အခြေအနေနဲ့ ရုတ်တရက် ထိတွေ့မှုကြောင့် ခန္ဓာကိုယ်ပေါ် ဖိအား ရှိတာစေမှာ ဖြစ်ပေမယ့် အဲဒီ အအေးပေး အခန်းငယ်လေးတွေမှာ အန္တရာယ် ကင်းရှင်းရေး အပြင်အဆင်တွေ အများကြီး ပါဝင်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ အအေးပေး စနစ် ပုံစံ ၃ မျိုး ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပြီး အလွန် မအေးမြစေဖို့ မိနစ် ၂၀ ကြာပြီးနောက် အလိုအလျောက် အပူချိန် ထိန်းသိမ်းပေးတဲ့ စနစ် လည်ပတ်လာမှာ ဖြစ်ပါတယ်။

၂ မီတာ မြင့်ပြီး သံမဏိနဲ့ ထုတ်လုပ်ထားတဲ့ အဲဒီ အအေးခန်းငယ်လေးတွေကို အသုံးပြုချိန် စွမ်းအင် သုံးစွဲမှု ထိရောက်စေဖို့လည်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

မိုးဒဏ်ကိုလည်း ခံနိုင်တာကြောင့် အပြင်ဖက် အလုပ်နေရာတွေမှာ အသုံးပြုဖို့ သင့်တော်မှာ ဖြစ်ပါတယ်။

အလွယ်တကူ သယ်ဆောင်နိုင်အောင်လည်း မလည်ပတ်နိုင်တော့အောင် လုပ်လို့ရတဲ့ ခလုတ် ပါဝင်တဲ့ ဘီးတွေလည်း တပ်ဆင်ပေးထားပါတယ်။

လျှပ်စစ်ဓာတ် အသုံးပြုမှုအနေနဲ့ သာမန် အအေးပေးစက်တွေထက် ထက်ဝက် သက်သာမှာ ဖြစ်ပြီး တစ်နာရီ အအေးခံရင် ၁၅ ယန်းကနေ ၁၆ ယန်း ကျသင့်မယ်လို့ ထုတ်လုပ်သူတွေက ပြောပါတယ်။

ဂျပန်မှာ နွေရာသီ အပူချိန် မြင့်မားလွန်းတာကြောင့် လူ ၁ သိန်းကျော် ဆေးရုံ တက်ခဲ့ရပါတယ်။

လက်ရှိ ထုတ်လုပ်ထားတဲ့ အအေးပေး အခန်းတွေရဲ့ စံပုံစံ တန်ဖိုးဟာ အခွန်မဆောင်ခင် ယန်း ၁ ဒသမ ၅ သန်း ကျသင့်မယ်လို့ သိရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.