မြဝတီ၊ ဇူလိုင် ၃၁

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၇ ရဲ့ တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ကျော်သက်နဲ့ တပ်ဖွဲ့ဝင် ၃၅၀ ပြန်လည်ပေါင်းစည်းလာတယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA က ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်လာပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ အရင် ကလို့ထူးဝါစစ်ကွပ်ကဲရေးမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် စောကျော်သက်ရဲ့ ပြန်လည်ပေါင်းစည်းမှုကို အသိအမှတ်ပြုပြီး သူကို အမှတ် (၃) စစ်ကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

DKBA နဲ့ ပြန်လည်ပေါင်းစည်းလိုက်တဲ့ ဗိုလ်မှူးချုပ် စောကျော်သက်ကို တော်လှန်ရေးအသိုင်းအဝိုင်းတွေအကြားမှာ ဗိုလ်ကျော်သက်အဖြစ် လူသိများတာ ဖြစ်ပြီး အာဏာသိမ်းကာလအတွင်း မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လတုန်းက အာဏာသိမ်း စစ်တပ်နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA က အဖွဲ့ကနေ အပြီးပိုင် ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ တပ်ဖွဲ့ဝင် ၃၅၀ နီးပါး DKBA ထံ ပြန်လည်ပေါင်းစည်းမှုနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဗိုလ်ကျော်သက်နဲ့ တပ်ဖွဲ့ဝင် ၃၅၀ နီးပါး DKBA ထံ ဘက်ပြောင်းမှုဟာ တော်လှန်ရေးအတွက် ဆုံးရှုံးနစ်နာမှု တစ်ခု ဖြစ်တယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းအတွင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ DKBA အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ပိုင်း ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း သူတို့ တပ်ဖွဲ့ဝင်တွေ မပါဝင်ကြဖို့ တားမြစ်အမိန့်ထုတ်ပြန်ထားပါတယ်။

ဥရောပသမဂ္ဂ EU က DKBA နဲ့ သူတို့အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ငါးဦးဟာ ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း အများအပြား လည်ပတ်ခွင့်ပြုတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည်သွင်းလိုက်တယ်လို့ ဇူလိုင် ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.