နေပြည်တော် ၊ ဇူလိုင် ၃၁

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ဟာ ဇူလိုင် ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် အကျိုးရလဒ်ကတော့ ထူးခြားပြောင်းလဲသွားတာ မရှိဘူးလို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရပ်သားအုပ်ချုပ်တဲ့ အသွင်ဆောင်ဖို့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က အမည်ခံထားတဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖွဲ့စည်းပြီး ဧပြီ ၂၀ ရက်နေ့မှာ ရက် ၁၀၀ စီမံချက်ကို ကြေညာခဲ့တာပါ။

အဲဒီ ရက် ၁၀၀ စီမံချက်ထဲမှာ အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း ဆိတ်သုန်းခဲ့ရတဲ့ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အပါအဝင် လူမှုစီးပွားကို တိုက်ရိုက်အကျိုးပြုနိုင်တဲ့ ပြန်လည်ကုစားရေးအစီအစဉ်တွေတော့ မတွေ့ခဲ့ရပါဘူး။

အရပ်သားအသွင်ဆောင်ထားတဲ့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က အစည်းအဝေးတက်တိုင်းမှာ ရွေးကောက်ခံအစိုးရအဖြစ် ကြွေးကြော်နေသလို သူတို့အစိုးရဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ လျှောက်လှမ်းနေတယ်လို့ အမြဲတစေ မိန့်ခွန်းခြွေလေ့ရှိပါတယ်။

တစ်ဘက်မှာတော့ အာဏာသိမ်းကာလတလျှောက် ပြည်သူတွေကို ချုပ်နှောင်ဖို့ လက်နက်သဖွယ်အသုံးချခဲ့တဲ့ နိုင်ငံရေးပုဒ်မတွေကိုလည်း ပယ်ဖျက်ထားခြင်း မရှိသေးသလို သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး အာမခံချက်ပေး ပြောဆိုတာမျိုး မတွေ့ရဘူးလို့ ISP-Myanmar က ဆိုပါတယ်။

လေ့လာသူတွေကတော့ ရက် ၁၀၀ စီမံချက်အတွင်း ပြည်သူလူထုအတွက် ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး ဘာမှ မတွေ့ရသလို ဒီမိုကရေစီရဲ့ စံနှုန်းတွေကလည်း အပြောပဲရှိတာမို့ အာဏာရှင်တွေ အုပ်ချုပ်နေသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ရလာမှာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။

မွန်ပြည်နယ်ဒေသခံတစ်ဦးက လုံခြုံမှု မရှိတာကြောင့် ကိုယ့်ဒေသမှာတောင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားပြီး အလုပ်လုပ်လို့ မရသလို ဒုက္ခမျိုးစုံ ကြုံတွေ့နေရတာမို့ ဒီ ရက် ၁၀၀ အတွင်း အဆင်မပြေဘူးလို့ ပြောပါတယ်။

“ရက် ၁၀၀ စီမံကိန်းကတော့ ဘာမှ ထွေထွေထူးထူးမရှိဘူး။ နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ပိုင်ခွင့် ဘာညာ ဘာမှ မရှိဘူး။ ဒီတိုင်း ဒီတိုင်းပဲ သွားနေတာပေါ့။ လူထုရဲ့ လုံခြုံမှုကလည်း ပိုဝေးတာပေါ့။ သူတို့ ပေးမနိုင်ဘူး၊ ဘာညာဂွိဂွ ဘာမှ မရှိဘူး။ ဒီ ရက် ၁၀၀ မှာ အဆင်မပြေဘူးလေ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်‌တော့ ထပ်မြုပ်ဖို့ပဲ ရှိတာပေါ့။ ဒီအတိုင်းဆိုရင် လူတွေက ပိုဆိုးလာမှာ။ နောက် အလုပ်လုပ်ဖို့ကလည်း နယ်မြေခံတွေ လွတ်လွတ်လပ်လပ် သွားလို့ မရဘူး။ ရောဘာခြံဆို ရောဘာခြံပေါ့။ စပါးလည်း စပါးပေါ့။ အခုဆီဈေးတွေ (စက်သုံးဆီ) လည်ထွန်ဖို့ ဆီလည်း ဘာမှ မရဘူး။ တချို့က ရတဲ့လူက ရတယ်၊ မရတဲ့လူက များတာပေါ့။ ဆီဈေးနှုန်းက အဆမတန်လည်း တက်တယ်။ ဘယ်လိုမှလည်း လုပ်လို့မရဘူး။ ဒီမှာကျတော့ ဒုက္ခအမျိုးမျိုးပဲလေ”လို့ ဆိုပါတယ်။

ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူထားတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရကို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်းထားပေမယ့် ရက် ၁၀၀ စီမံချက်မှာ ပါဝင်တဲ့ မျှော်မှန်းချက်တွေဟာ ဝန်ကြီးဌာန ၅ ခုနဲ့သာ သက်ဆိုင်နေတယ်လို့ ISP-Myanmar ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။

အဲဒီမျှော်မှန်းချက်တွေထဲမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကနေ တောင်သူတွေကို စိုက်ပျိုးစရိတ်နဲ့ လယ်ယာသုံး စက်ကိရိယာအတွက် ချေးငွေ တိုးမြှင့် ထုတ်ပေးတာ၊ ကျန်းမာရေးမှာ လူ့အစွမ်းအားအရင်းအမြစ် တိုးမြှင့်ခန့်အပ်တာနဲ့ သူနာပြုသင်တန်းကျောင်းတွေ အဆင့်မြှင့်တင်တာတွေလည်း ပါဝင်ပါတယ်။

ပညာရေးမှာတော့ တက္ကသိုလ်တချို့မှာ သုတေသနအသားပေး စမ်းသပ်တက္ကသိုလ်အဖြစ် သတ်မှတ်တာ၊ အခြေခံပညာကျောင်းတွေမှာ သင်ရိုးသစ်ထည့်သွင်းတာတွေနဲ့ ကျောင်းသားဖွံ့ဖြိုးရေးဆိုင်ရာ စမ်းသပ်စီမံကိန်းတွေနဲ့ မူကြိုကျောင်း အဆင့်မြှင့်တာတို့ ဖြစ်ပါတယ်။

ဒ့ါအပြင် အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်တာ၊ ဆိပ်ကမ်းသိုလှောင်ရုံတွေ ဦးစားပေး တည်ဆောက်တာ၊ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်တာနဲ့ ဆက်သွယ်ရေးမိုဘိုင်းစခန်းသစ်တွေကို တိုးချဲ့ပြီး အဆင့်မြှင့်တာတွေလည်း ပါဝင်ပါတယ်။

တစ်ဘက်မှာ ကျေးလက်ဒေသ သောက်သုံးရေးရရှိရေးနဲ့ စိုက်ပျိုးရေးအတွက် ရေရရှိရေးတို့ကို ဆိုလာစနစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် PDF တွေကိုတော့ လက်နက်ချအလင်းဝင်ခိုင်းဖို့ ဖြစ်ပါတယ်။

အဲဒီထဲက စီမံချက်တွေ အတော်များများဟာ စစ်ယူနီဖောင်းချွတ်တွေ ဦးဆောင်မှုအောက်က ရက် ၁၀၀ အတွင်း အပြီးသတ်လုပ်ဆောင်နိုင်မယ့် အခြေအနေမှာ မရှိနေဘဲ ရေရှည်လုပ်ဆောင်ရမယ့် စီမံချက်တွေဖြစ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရဆိုပြီး အသွင်ပြောင်းအုပ်ချုပ်မှုဟာ တဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာနေတာကြောင့် ဘာမှ မအောင်မြင်ဘူးလို့ သုံးသပ်ပါတယ်။

“ရက် ၁၀၀ စီမံချက်ထဲမှာ ငြိမ်းချမ်းရေးရမယ်တို့ စီးပွားရေးဖွံ့ဖြိုးရမယ်တို့ အစုံပေါ့ဗျာ။ ဒါပေမယ့်လည်း ရက် ၁၀၀ က ပိုပြီးတော့ အခြေအနေက စစ်အုပ်ချုပ်မှုကနေ ဒီဘက် အရပ်သားအစိုးရဆိုပြီး အသွင်ပြောင်းတယ်။ အုပ်ချုပ်မှုက တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ပိုပြီး အခြေအနေဆိုးလာတယ်။အခုချိန်ထိလည်း ကျွန်တော်တို့က ငြိမ်းချမ်းရေးလည်း မလုပ်နိုင်သလို ကုန်ဈေးနှုန်းပေါ့။ သူတို့ ရက် ၁၀၀ စီမံချက်မှာ အဓိကတော့ ကုန်ဈေးနှုန်းနဲ့ အခြားကဏ္ဍတွေ ဖွံ့ဖြိုးမှုမှာ ကုန်ဈေးနှုန်းကလည်း တဖြည်းဖြည်းနဲ့ တက်လာတယ်ဆိုတော့ ဒီရက် ၁၀၀ စီမံချက်က ဘာတွေအောင်မြင်လဲဆိုတော့ ဘာမှ မအောင်မြင်ဘူးပေါ့နော်။ လက်ရှိ သူတို့ ရွေးတုကနေ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က ပြောလာတယ်။ အဲဒီတော့ ရက် ၁၀၀ စီမံချက်က မအောင်မြင်ဘူးဆိုတဲ့ဟာ အားလုံးသိပြီး ဖြစ်မှာပါ”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် နိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေး စတဲ့ ကဏ္ဍအစုံ ချွတ်ခြုံကျခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အစိုးရအဖြစ် အသွင်ပြောင်းခဲ့ပေမယ့်လည်း လောဆယ်မှာတော့ တိုင်းပြည်ဟာ ပြန်လည်နာလန်ထူနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိမှာ သွင်းကုန်တွေကို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ဆောင်လာသလို နယ်စပ်ကနေ ဝင်ရောက်လာတဲ့ ကုန်စည်တွေကိုလည်း စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးနေတဲ့အတွက် အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခါးသီးစွာ ခံစားနေကြရတာပါ။

ဒါ့အပြင် စစ်အစိုးရရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို မထိန်းချုပ်နိုင်သလို ဒေသတစ်ခုချင်းစီရဲ့ မတူညီတဲ့ ပထဝီအနေအထားကို မလေ့လာဘဲ ကုန်ထုတ်လုပ်နိုင်စွမ်းတွေကို တိုးမြှင့်ဖို့ ညွှန်ကြားနေတာကလည်း မြေပြင်အခြေအနေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြည်သူတွေက ဝေဖန်ကြပါတယ်။

နောက်ထပ် မွန်ပြည်နယ် ဒေသခံတစ်ဦးကလည်း အစစအရာရာ ကုန်ဈေးနှုန်းမြင့်တက်နေတဲ့အပေါ် အောက်ခြေကို စနစ်တကျ လေ့လာဆန်းစစ်မှု မရှိဘဲ အပေါ်ကနေ စီမံခန့်ခွဲမှု အမှားတွေ ဆက်ပြီး လုပ်နေရင်တော့ ဒီထက် ဆိုးသွားနိုင်တယ်လို့ စိုးရိမ်စွာ ပြောပါတယ်။

“အခု ကြက်ဥဈေးမှမဟုတ်ဘူး အကုန်တက်နေတာ ကြက်ဥတစ်ခုတည်း မဟုတ်ဘူး။အစစအရာရာ တက်နေတာ။ကျွန်တော်တို့ ဒေသမှာဆို ထိုင်းကုန်ပစ္စည်းတွေ ကန့်သတ်လိုက်တယ်။ အဲဒီအတွက် ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်တယ်။ အဲဒီလိုမျိုးမဟုတ်ဘဲ တရားဝင် အခွန်အကောက်တွေနဲ့ စနစ်တကျ လုပ်မယ်ဆိုရင် သွင်းကုန်ရော ထုတ်ကုန်ရော မျှမျှတတဖြစ်သွားမယ်ဆိုရင် ဒီကုန်ဈေးနှုန်းက တတ်နိုင်သလောက် ထိန်းချုပ်သွားနိုင်မယ်လို့ ထင်တာပေါ့။ စီမံခန့်ခွဲမှု အမှားတွေပဲ ဆိုရင်တော့ ဆက်ပြီးတော့ ဒီထက် ဆိုးနိုင်တာပဲ။ စီမံခန့်ခွဲမှု မှန်သွားရင်တော့လည်း ကုန်ဈေးနှုန်းတစ်ခုတော့ ထိန်းချုပ်နိုင်မှာပေါ့။ဒီလိုပဲ စီမံခန့်ခွဲနေတယ် မြေပြင်အနေအထားကိုလည်း မသိဘူး။ အောက်ခြေကိုလည်း စနစ်တကျ လေ့လာဆန်းစစ်မှုမရှိဘဲနဲ့ အပေါ်ကနေပြီးတော့ပဲ မိန့်ခွန်းတွေ ခြွေနေမယ်ဆိုရင်တော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ အမည်ခံထားတဲ့ ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်တွေ ပေါ်ပေါက်လာပေမယ့် အာဏာရှင်စနစ်ရဲ့ ယန္တရားဟာ အသွင်ပြောင်းပြီး လည်ပတ်နေတာဖြစ်လို့ လက်နက်ကိုင် တော်လှန်ရေးကလည်း ဆက်လက်ရွေ့လျားနေတာပါ။

ဒါ့အပြင် စစ်တပ်ရဲ့ လက်လွှတ်နယ်မြေတွေ ပြန်လည်သိမ်းပိုက်နိုင်ဖို့ လူငယ်တွေကို လူသားဒိုင်းသဖွယ် အသုံးချတဲ့ မြေပြင်ထိုးစစ်တွေနဲ့အတူ လေကြောင်းဗုံးကြဲမှုတွေကလည်း အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် တိုင်းပြည်ဟာ တည်ငြိမ်ရေးဆီ ဦးတည်နိုင်ခြင်း မရှိသေးပါဘူး။

တစ်ဘက်မှာ အရပ်သားအသွင်ပြောင်း စစ်အစိုးရကို မိတ်ဘက်နိုင်ငံတချို့ကလွဲရင် ကျန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးတာကြောင့် အာဆီယံနဲ့ ကုလသမဂ္ဂတို့မှာ ပြန်လည်ဝင်ဆံ့နိုင်ဖို့ကလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.