ကျိုက်ထို၊ ဇူလိုင် ၃၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပေ ၈၀ လမ်းထိပ် ဓမ္မာရုံအနီးမှာ ဝါဆိုလပြည့်နေ့ အလည်သွားကြတဲ့ လူငယ် ၇ ဦး စစ်မှုထမ်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၂၀ ကျော်ပါဝင်တဲ့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၂၉ ရက်နေ့က ပေ ၈၀ လမ်းထိပ် ဓမ္မာရုံအနီးမှာ လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့ကားတွေကို တားဆီးပြီး စစ်မှုးထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ဖမ်းဆီးသွားခဲ့တာပါ။

မြို့ခံတွေရဲ့ ပြောပြချက်အရ စစ်တပ်ပူးပေါင်းအဖွဲ့တွေဟာ ဝါဆိုလပြည့်နေ့ အလည်သွားကြတဲ့ လူငယ်တွေကို တားဆီးစစ်ဆေးပြီးနောက် တစ်ခါတည်း ကားပေါ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ သိမ်ဇရပ်မြို့ပေါ် အမှတ် ၃ နဲ့ အမှတ် ၄ ၊ အမှတ် ၇ ရပ်ကွက်က လူငယ်တွေ ပါသလို ကျေးရွာတွေက လူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို သိမ်ဇရပ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး မိသားစုတွေနဲ့လည်း တွေခွင့်မရဘူးလို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ် စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေက လာမယ့် ပြည်သူစစ်မှုထမ်း အပတ်စဉ် ၂၇ အတွက် လူငယ်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ စစ်သားစုဆောင်းခံရသူ ၅၄၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.