မော်လမြိုင် ၊ ဇူလိုင် ၃၀

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကနေ စနစ်အပြောင်းအလဲကို ဦးတည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုတင်သဘောတူညီမှု ရယူထားမယ့် မူဘောင်တစ်ခု လိုအပ်နေပါတယ်။

ဒီအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားပြီးတဲ့ကာလအလွန် အားလုံးလက်ခံနိုင်မယ့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မရေးဆွဲခင် အသွင်ကူးပြောင်းရေးကာလမှာ အုပ်ချုပ်ရေး စာတမ်းအဖြစ် ကျင့်သုံးနိုင်ဖို့ ဖြစ်ပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း စုပေါင်းရေးဆွဲထားကြတဲ့ ဖက်ဒရယ်အသွင် ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ (The Articles of Federal Transitional Arrangements – AFTA) သုညမူကြမ်း ထွက်ပေါ်လာပါတယ်။

“တချိန်ကျလို့ရှိရင် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေဟာ တော်လှန်ရေးအောင်မြင်တဲ့အချိန်မှာ လူမှုဘဝတွေနဲ့ ပျက်စီးယိုးယွင်းသွားတဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့နဲ့ လူမှုဘဝတွေကို အကောင်းအဆုံး ပြန်လည် တည်ဆောက်နိုင်ဖို့ရာအတွက် တကယ့် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်မယ်လို့ ယုံကြည်မျှော်လင့်တာ ဖြစ်ပါတယ် ခင်ဗျ”လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၅ ရက်နေ့က ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA သုညမူကြမ်း (Zero Draft) ရေးဆွဲပြီးစီးကြောင်း NUCC နဲ့ NUG တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ရေးဆွဲထားတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA သုညမူကြမ်းဟာ အခန်း ၁၃ ခန်းရှိပါတယ်။

ဒါပေမယ့် အစုအဖွဲ့တွေကြား အသွင်ကူးပြောင်းရေးကာလနဲ့ သက်ဆိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ထားရှိဖို့ မထားရှိဖို့ စတဲ့အချက်တွေမှာ သဘောထားကွဲလွဲမှုတချို့ ရှိနေတာပါ။

ဒါကြောင့် NUCC နဲ့ NUG တို့ ရေးဆွဲပြီးစီးသွားတဲ့ AFTA သုညမူကြမ်းနဲ့ တိုင်းရင်းသားလူမျိုးများကောင်စီ MEC က ရေးဆွဲတဲ့ AFTA မူကြမ်းဆိုပြီး နှစ်ခု ဖြစ်နေတဲ့သဘောလို့ ဦးတိုးကျော်လှိုင်က သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောကြားခဲ့ပါတယ်။

တစ်ဘက်မှာ တော်လှန်ရေးကာလ ၅ နှစ်ကြာလာချိန်မှာ အခြေခံဥပဒေရေးဆွဲရေးထက် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ စစ်အနိုင်တိုက်ရေးဟာ ပိုပြီး အရေးကြီးတယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အနိုင်တိုက်ရေးနဲ့အတူ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေ မူဘောင်တွေ သဘောတူညီချက်တွေကို တစ်ပြိုင်နက်တည်း မဖြစ်မနေ လုပ်ရမှာပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံရေးအင်အားစုတွေက နိုင်ငံရေးအလုပ်တွေကို လုပ်ပြီးတော့ စစ်‌ရေးအင်အားစုတွေကို ဝိုင်းပြီး ပံ့ပိုးပေး ။ စစ်ရေးအင်အားစုကလည်း နိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးအလုပ်တွေ မူဘောင်ချမှတ်မှုတွေမှာ အတိအကျ လိုက်နာပြီးတော့ စစ်ဆင်ရေးအကောင်အထည်ဖော်တာမျိုးလုပ်မယ်ဆိုရင် ဒီလို ဟန်ချက်ညီသွားမယ်ဆိုရင် စစ်လည်း အောင်မြင်မှာဖြစ်လို့ တစ်ဘက်မှာ နိုင်ငံရေးကလည်း ကိုယ့်ဘက်က အားသာချက်ရှိမှာ ဖြစ်ပါတယ်ဗျ”လို့ ဆိုပါတယ်။

လက်ရှိ ပြီးစီးသွားတဲ့ AFTA သုညမူကြမ်းထဲမှာတော့ အခြေခံအခွင့်အရေးတွေ၊ အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး၊ ဘဏ္ဍာရေးနဲ့ သယံဇာတဆိုင်ရာ အာဏာခွဲဝေမှု၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အကာအကွယ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေနဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ အမြဲတမ်းဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်တွေလိုမျိုး အရေးကြီးတဲ့ ကဏ္ဍတွေကို ထည့်သွင်းဆွေးနွေးထားတာပါ။

အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်မှုဆိုင်ရာအစီအမံထဲမှာ လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်စုစည်းခြင်းနဲ့ အသွင်ကူးပြောင်းရေးကာလအတွင်းမှာ အစိုးရအချင်းချင်း ဒါမှမဟုတ် အစိုးရအရပ်ရပ်ကြား ဆက်ဆံရေးကိုလည်း အခန်း ၃ မှာ ထည့်သွင်းထားတယ်လို့ NUCC က အသိပေးပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက အခြား တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွေမှာ ကျင့်သုံးမယ့် ဖက်ဒရယ်မူ‌ဘောင်နဲ့ ဘယ်လောက် ကွဲလွဲပြီး ဘယ်လို ညှိနှိုင်းမလဲဆိုတာ စိုးရိမ်စရာရှိတယ်လို့ သုံးသပ်ပါတယ်။

“အဲဒီလိုမျိုး ပြဌာန်းသတ်မှတ်မှုက ကျန်တဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွေမှာ ကျင့်သုံးမယ့် Federal Framework (ဖက်ဒရယ်မူဘောင်) နဲ့ ဘယ်လောက် တူမလဲ ဘယ်လောက် ကွဲလွဲမလဲ အဲဒီကြားထဲမှာ ဘယ်လိုမျိုး ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ နားလည်မှု ဖော်ဆောင်နိုင်အောင် လုပ်မလဲဆိုတဲ့ဟာ ကျွန်တော်တို့ မသိရဘူး။ နောက်တစ်ခုက AA လိုမျိုး ရှိနေတဲ့ အဖွဲ့အစည်းကို အခုလက်ရှိ ရှိနေတဲ့ Federal Framework က ဘယ်လောက်ထိ လက်ခံပေးလို့ရအောင် သူတို့ စဉ်းစားထားလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ အဲဒါလည်း စိုးရိမ်စရာ အနေနဲ့ ရှိတယ်”လို့ ပြောပါတယ်။

AFTA မှာ အစုအဖွဲ့တစ်ခု ဖြစ်စေ ပြည်နယ်တစ်ခုဖြစ်စေ သီးခြားဖော်ပြချက် မပါရှိပေမယ့် သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ညှိနှိုင်းမှု လုပ်ငန်းစဉ်မှာတော့ ရခိုင်နဲ့ အာရက္ခတပ်တော် AA ကို ထည့်သွင်းရမယ်လို့ NUCC က သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားထားပါတယ်။

ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA ကို NUCC အပါအဝင် NUG နဲ့ တိုင်းရင်းသားလူမျိုးများကောင်စီ MEC က ကိုယ်စားလှယ်တွေ ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ စတင်ရေးဆွဲခဲ့ကြပါတယ်။

မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်အတွင်း အစုအဖွဲ့တွေကြား အသွင်ကူးပြောင်းရေးကာလနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ထားရှိဖို့ မထားရှိဖို့ ကိစ္စတွေမှာ အခြေအတင်ဖြစ်ခဲ့ကြတာပါ။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကလည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်နေမှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ဒီအခြေအနေမှာ NUCC နဲ့ NUG ကိုယ်စားလှယ်တွေကသာ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA ကို ၂၀၂၆ ခုနှစ် ဧပြီ၊ မေနဲ့ ဇွန်မှာ ဆက်လက် ရေးဆွဲပြီးစီးခဲ့တာ ဖြစ်ပါတယ်။

“အဲဒီလို ယာယီရပ်ဆိုင်းသွားပြီးတဲ့ နောက်ပိုင်းမှာ KNU နဲ့ KNPP အဓိက ပါဝင်တဲ့ တိုင်းရင်းသားလူမျိုးများကောင်စီ MEC အနေနဲ့ သူတို့ ဘာသာ သူတို့ မူကြမ်းကို ဆက်လက်ရေးဆွဲမယ်ဆိုပြီးတော့ ဆုံးဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ NUCC အနေနဲ့ကတော့ အဲဒီလို မူကြမ်းနှစ်ခု ဖြစ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ဘက်ကနေပြီးတော့ မူကြမ်းကို ဆက်ပြီး မရေးသေးဘဲနဲ့ ကျွန်တော်တို့ လေးလလောက် အချိန်ရပ်ထားခဲ့တယ်။ ဒီကြားထဲမှာ MEC နဲ့ တွေ့ဆုံညှိနှိုင်းဖို့ကို ကျွန်တော်တို့ ပုံသဏ္ဍာမျိုးစုံ ချဉ်းကပ်မှုမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပါတယ်။ သို့သော်လည်း လက်တွေ့မှာတော့ မအောင်မြင်ခဲ့ဘူးပေါ့”လို့ ဦးတိုးကျော်လှိုင်က ပြောပါတယ်။

တိုင်းရင်းသားလူမျိုးများကောင်စီ MEC မှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD စတဲ့ တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ နဲ့ ဖွဲ့စည်းထားတာပါ။

ဒါ့အပြင် NUCC မှာ ပါဝင်နေကြတဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ၊ မွန်ပြည်ဖက်ဒရယ်‌ကောင်စီ MSFC နဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC တို့လည်း MEC မှာ ပါဝင်နေကြတာပါ။

ဒါကြောင့် ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism Approach) ချဉ်းကပ်မှုနဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ MEC က AFTA ကို ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒီလိုမျိုး မူကြမ်းနှစ်ခုဖြစ်နေတာဟာ အပြိုင်အဆိုင် မဟုတ်တာကြောင်း တစ်ချိန်ချိန်မှာ တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်နိုင်ဖို့ NUCC ဘက်က တိုင်းရင်းသားလူမျိုးများကောင်စီ MEC နဲ့ ညှိနှိုင်းသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာပါ။

ဒီအပေါ် MEC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU ၊ KNPP ၊ CNF နဲ့ NMSP-AD တို့ရဲ့ သဘောထားသိရှိနိုင်ဖို့ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

AFTA မူကြမ်းမှာတော့ ပြည်နယ်တွေနဲ့ ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်အခန်းကဏ္ဍတွေကို ထည့်သွင်းရေးဆွဲထားပြီး အသေးစိတ်ကိုတော့ အသွင်ကူးပြောင်းရေးကာလမှာ အစုအဖွဲ့တွေ အင်အားစုတွေ အားလုံး ပါဝင်နိုင်မယ့် အခြေအနေရောက်မှသာ ဖက်ဒရယ်ညီလာခံခေါ်ပြီး အကြေအလည် ညှိနှိုင်းဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

“အသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါမှာ ဒီအစုအဖွဲ့တွေ အားလုံး ကျယ်ကျယ်ပြန့်ပြန့် စုံစုံလင်လင်ပါတဲ့ ဖက်ဒရယ်ညီလာခံတစ်ရပ်ကို ကျွန်တော်တို့ ကျင်းပမယ်။ အဲဒီ ဖက်ဒရယ်ညီလာခံမှာပဲ AFTA ကို ကျွန်တော်တို့ အပြီးသတ်ညှိနှိုင်းပြီး အတည်ပြုမယ်ဆိုပြီးတော့ ဒါလည်းပဲ အားလုံး သဘောတူထားခဲ့ကြပြီး ဖြစ်ပါတယ်”လို့ ဦးတိုးကျော်လှိုင်က ပြောပါတယ်။

လက်ရှိမှာ AFTA သုညမူကြမ်းကို နိုင်ငံတကာပညာရှင်တွေ အပါအဝင် အခြေခံဥပဒေဆိုင်ရာ ပညာရှင်တွေ လေ့လာနိုင်ဖို့ ပေးပို့ထားပြီး တိုင်းရင်သားလူမျိုးများကောင်စီနဲ့ ပြန်လည်ညှိနှိုင်းရမှာတွေကြောင့် အများပြည်သူ သိရှိလေ့လာနိုင်အောင် ချပြနိုင်ခြင်း မရှိသေးပါဘူး။

AFTA ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကူးပြောင်းတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဟာကွက်တွေ မဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ ကြားကာလ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဘောင်တစ်ခု ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အလွန်မှာ အသွင်ကူးပြောင်းရေးကို ဘယ်လိုစီမံပြီး ဖက်ဒရယ်ယူနစ်တွေကြား အာဏာနဲ့ တာဝန်တွေကို ဘယ်လို ခွဲဝေမယ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုကူးပြောင်းမလဲဆိုတာတွေကို အခြေခံထားတာလို့ NUCC က ဆိုပါတယ်။

ဒါကြောင့် AFTA ဟာ အသွင်ကူးပြောင်းရေးကာလမှာ ကျင့်သုံးမယ့် အခြေခံဥပဒေဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကိုတော့ တိုင်းပြုပြည်ပြုညီလာခံကနေ သီးခြားတာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး အခြေအနေတွေရောက်ဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားနိုင်မှသာ အသွင်ကူးပြောင်းရေးကာလမှာ AFTA ကို အသုံးပြုလို့ရနိုင်အောင် ဖက်ဒရယ်ခြေလှမ်းအတွက် ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ပေမယ့် အပြည့်အစုံတော့ ချပြနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် တကယ်လို့ ကြားထဲမှာ စစ်တပ်နဲ့ ညှိနှိုင်းဆွေးနွေးတာမျိုး ဖြစ်လာရင် အဲဒီမူဘောင်ဟာ ဘယ်လောက်ထိ အသုံးဝင်ဦးမလဲဆိုတဲ့ မေးခွန်းအပေါ် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက အခုလို မှတ်ချက်ပြုပါတယ်။

“စစ်တပ်ကို အပြီးတိုင်ဖယ်ရှားပြီးမှ သုံးမယ်ဆိုတော့ စစ်တပ်ကို အပြီးတိုင်ဖယ်ရှားပြီးမှ သုံးလို့ရမယ့် Framework (မူဘောင်) ဖြစ်မှာလား။ တကယ်လို့ အခုကြားထဲမှာ စစ်တပ်နဲ့ ထိတွေ့ ညှိနှိုင်းအဖြေရှာတာမျိုး လုပ်မယ်ဆိုရင် ဒီ Framework က ဘယ်လောက်ထိ အသုံးဝင်ဦးမလဲပေါ့။ အဲဒီလိုမျိုး ညှိနှိုင်းဆွေးနွေးတာမျိုး ဖြစ်လာခဲ့ရင်ဆိုတဲ့ဟာတွေကို ဘယ်လောက်ထိ ထည့်သွင်းစဉ်းစားထားလဲ စတဲ့ဟာတွေက မေးခွန်းတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်သွားစေတယ်။ ဒီလိုမျိုး ပြည့်ပြည့်စုံစုံ မဖော်ပြခြင်းကြောင့် ဖြစ်လာနိုင်တဲ့ Negatice Impact (အပျက်သဘောဆောင်တဲ့ သက်ရောက်မှု)တွေလို့ ကျွန်တော်တို့ ပြောလို့ရပါမယ် ခင်ဗျ”

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.