ပုလော၊ ဇူလိုင် ၃၀
တနင်္သာရီတိုင်း ပုလောမြို့နယ် ပုလော – မြိတ် ပြည်ထောင်စုလမ်းပိုင်းက နေရာတချို့ကို အာဏာသိမ်း စစ်တပ် ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၃၀၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကစလို့ ပုလော – မြိတ် ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တာပါ။
အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပုလော – မြိတ် ပြည်ထောင်စုလမ်းပိုင်းက ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်ရွာနဲ့ မိန်းမမြို့တဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်း စစ်တပ်ဟာ ဇူလိုင်လနောက်ဆုံးအပတ်မှာတော့ ပုလောမြို့နယ် ပုလော – မြိတ် ပြည်ထောင်စုလမ်းပိုင်းက နေရာ လေးခုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်တပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ပုလော – မြိတ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးလှုပ်ရှားမှု ဆက်ရှိနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းနေပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ပုလော – မြိတ်လမ်းပိုင်းကို စစ်တပ် ပြန်လည်ထိန်းချုပ်လိုက်ပေမယ့် အဲဒီလမ်းပိုင်းရဲ့ နေရာတချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
ပုလော – မြိတ် ပြည်ထောင်စုလမ်းပိုင်း တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းတွေက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်

